ရုရှားနိုင်ငံကို ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သွား ရောက်မည်

 1386

ဂျန်ဇက် (NP News) - မေ ၂ဝ

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ဦးဆောင်သည့် မြန်မာစစ်ဘက် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂ဝ ရက်တွင် ရုရှားနိုင်ငံကိုသွားရောက်မည်ဖြစ်ပြီး ရုရှားနိုင်ငံမော်စကို မြို့တွင်ကျင်းပသည့် HeliRussia စစ်ဘက် သုံးရဟတ်ယာဉ်ပြပွဲကို တက်ရောက်လေ့လာဖွယ်ရှိကြောင်း မြန်မာသံရုံးကိုယ်စားလှယ်တစ်ဦးက The Moscow Times ကို ပြောကြားခဲ့သည်။

HeliRussia ပြပွဲကို မေလ ၂ဝ ရက်ကနေ ၂၂ရက်အထိကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံတွင် ကျင်းပသည့် ရဟတ်ယာဉ်ပြသပွဲများတွင် အကြီးမားဆုံးပွဲတစ်ပွဲဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံပိုင်စစ်လက်ပစ္စည်းရောင်းချရေးကုမ္ပဏီဖြစ်သည့် Rosoboronexport သည် အဆိုပါ HeliRussia စစ်ဘက်သုံးရဟတ်ယာဉ် ပြပွဲအတွင်း ယင်းတို့ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်ထားသည့် Ka-52 နှင့် Mi-28NE အမည်ရှိ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရ သည်။

HeliRussia ပြပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးက “ မြန်မာနိုင်ငံက ပြပွဲကိုလာရောက်ဖို့ ဖိတ်ခေါ်ထားတဲ့ နိုင်ငံပေါင်း ၅ဝ ထဲမှာပါဝင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် မြန်မာစစ်ဘက်အထူးကိုယ်စားလှယ် အဖွဲ့အနေနဲ့ပြပွဲကိုတက်ရောက်ခြင်းရှိမရှိ အသေးစိတ်အခြေနေကို ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး” ဟု ပြောသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာတပ်မတော်နှင့် တွေ့ဆုံဆွေးနွေးမှုများကို လူသိရှင်ကြား ပြောဆိုခြင်းမျိုးမရှိဘဲ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်လည်း မြန်မာစစ်အစိုးရအပေါ် ကူညီ ထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး ရုရှားဒုတိယ ကာကွယ်ရေးဝန်ကြီး ဖိုမင်သည်လည်း မတ်လက လာရောက်ခဲ့ဖူးကြောင်း သိရသည်။

ရုရှား နှင့် မြန်မာနိုင်ငံတို့၏ ကုန်သွယ်ရေးနည်းပါးသော်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာ ခဲ့ပြီး ရုရှားသည် မြန်မာနိုင်ငံကို တရုတ်ပြီးပါက စစ်လက်နက်ပစ္စည်း ဒုတိယအများဆုံးရောင်းချသည့် နိုင်ငံဖြစ်လာကြောင်း သိရသည်။

ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကို ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူး ကိုယ်တိုင်လာရောက်ခဲ့ပြီး Pantsir-S1 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် ၊ Orlan-10E အမျိုးအစားထောက်လှမ်း ရေးဒရုန်းယာဉ်များနှင့် ရေဒါပစ္စည်းများကူညီပံ့ပိုးပေးရန် သဘောတူညီခဲ့ပြီး ရုရှားနိုင်ငံသည် ဖေဖော်ဝါရီ လအတွင်း အမေရိကန်ဒေါ်လာ ၁၄ဒသမ၇သန်းတန်ဖိုးရှိ ရေဒါပစ္စည်းများ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.