တရုတ်ဆိပ်ကမ်းစီမံကိန်းကြီးကို ဆာမိုအာ ဝန်ကြီးချုပ်သစ်က ချောင်ထိုးထားလိုက်

 801

ဝတီ (NP News) - မေ ၂ဝ

ဒေါ်လာ သန်း ၁ဝဝ တန် တရုတ်ဆိပ်ကမ်းစီမံကိန်းကြီးကို ချောင်ထိုးထားလိုက်မည် ဖြစ်ကြောင်း အသစ် တက်လာမည့် ဆာမိုအာ ဝန်ကြီးချုပ်က ကတိပြုပြောကြားလိုက်သည်ဟု မေလ ၁၉ ရက် ရိုက်တာစ်သ တင်းတွင် ဖော်ပြထားသည်။

Fiame Naomi Mataafa သည် အတိုက်အခံခေါင်းဆောင်ဖြစ်ပြီး မကြာမီ ဆာမိုအာတွင် ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

“တရုတ်နှင့် ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေစေရန် ရည်ရွယ်ထားသော်လည်း မိမိတို့တွင် ထိုစီမံကိန်းထက် အရေးကြီးသည့် ချက်ချင်းလက်ငင်း ဖြေရှင်းစရာကိစ္စရပ်များ ရှိနေကြောင်း” ယင်းက ထည့် သွင်းပြောသည်။

အဆိုပါဆိပ်ကမ်းတည်ဆောက်ရေးသည် ဆာမိုအာတွင် အချင်းများသွေးကွဲစရာ ကိစ္စရပ်ဖြစ်နေပြီး ဧပြီလ ရွေးကောက်ပွဲများတွင် ထိုကိစ္စရပ်ကသာ လွှမ်းမိုးနေကာ ဆာမိုအာကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သည့် Tuilaepa Sailele Malielegaoi သည် ပါလီမန်တွင် ရှုံးနိမ့်ခဲ့ရသည်။

“ယင်းစီမံကိန်း၏ အရွယ်အစားမှာ ကြီးမားလွန်းသဖြင့် မိမိတို့ နိုင်ငံလေးအတွက် လိုအပ်မည်မဟုတ်ကြောင်း၊ မိမိတို့အစိုးရက တရုတ်အစိုးရကို ပေးရမည့် အကြွေးသည် အလွန်များနေပြီး ထိုအကြွေးကိစ္စကို အရင်ရှင်း ရန်မှာ မဲဆန္ဒရှင်များအတွက် အရေးကြီးကိစ္စရပ်ဖြစ်ကြောင်း” Fiame Naomi Mataafa က ပြောသည်။

Fiame Naomi Mataafa ၏သဘောထားသည် ဆာမိုအာကို နှစ်ပေါင်း ၂ဝ အုပ်ချုပ်သွားသည့် Tuilaepa Sailele Malielegaoi ၏ သဘောထားနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပြီး တရုတ်က Tuilaepa Sailele Malielegaoi ကို ယင်း၏မဟာမိတ်ကြီးအဖြစ် အားကိုးအားထားပြုခဲ့ကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.