မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသောမြို့နယ်များအတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ (၄) သန်းကို WFP မှတဆင့်လှူဒါန်း

 562

ဇွဲပြည့် (NPNews) မေ ၁၄

မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသောမြို့နယ်များတွင် ဆာလောင်မွတ်သိပ်မှုကို ဖြေရှင်းနိုင်ရန် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ (၄) သန်းကို WFP မှတဆင့် မေလ ၁၄ ရက်တွင် လှူဒါန်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

ဂျပန်နိုင်ငံအစိုးရ၏ လှူဒါန်းပံ့ပိုးမှုဖြင့် WFP သည် ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေပေါင်း ၆၀ဝ,ဝဝဝ ဝန်းကျင်ကို ကူညီထောက်ပံ့နိုင်မည်ဖြစ်ပြီး ထောက်ပံ့ပေးမည့် စားနပ်ရိက္ခာများကို ထိခိုက်လွယ်သော မိသားစုများ၏ လက်ဝယ်သို့အရောက် တိုက်ရိုက်ပေးအပ်သွားမည်ဟုဆိုသည်။

အဆိုပါအထောက်အပံ့သည် WFP ၏ စီမံကိန်းသစ်ဖြစ်သော မြန်မာနိုင်ငံ မြို့ပြဒေသများရှိ ဆင်းရဲနွမ်းပါး မှုအမြင့်ဆုံး မြို့နယ်များတွင်နေထိုင်သူ လူဦးရေ (၂) သန်း အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စားနပ်ရိက္ခာ အထောက်အပံ့များကို ၂၀၂၁ ခုနှစ် မေလ (၁၃) ရက် တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ စတင်ကာ ဖြန့်ဖြူးပေးနေပြီဟု သိရသည်။

“မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုကိုဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့ WFP ရဲ့ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေကို ဂျပန်နိုင်ငံအစိုးရအနေနဲ့ အားပေးထောက်ခံပါတယ်။ WFP ရဲ့ ကနဦးဆောင် ရွက်မှုကြောင့် ဂျပန်ပြည်သူလူထုထံက အကူအညီဟာ မြန်မာ့မြို့ပြဆင်းရဲနွမ်းပါးတဲ့ဒေသတွေက အထိ ခိုက်လွယ်ဆုံး ဒေသခံပြည်သူတွေထံကို တိုက်ရိုက်ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေဟာ မြန်မာပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr Maruyama Ichiro က ပြောသည်။

ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်များရှိ ပဋိပက္ခဘေးကြောင့် နေရပ်စွန့်ခွာရသူများအား WFP က ဆက်လက် ပေးအပ်လျက်ရှိသည့် စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် ဂျပန်နိုင်ငံက ယခုနှစ်အစောပိုင်း ဇန်နဝါရီလက အမေရိကန်ဒေါ်လာ (၄.၇) သန်းနှင့် မတ်လတွင် အမေရိကန်ဒေါ်လာ (၃) သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၇.၇) သန်း ပံ့ပိုးကူညီခဲ့သေးသည်။

မြန်မာနိုင်ငံတွင် နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းတို့၏ ဆင့်ကဲရိုက်ခတ်မှုကြောင့် လာမည့်ခြောက်လအတွင်း လူဦးရေ (၃.၄) သန်း အဓိကအားဖြင့် မြို့ပြဒေသများ၌ နေထိုင်ကြသူများ သည် ဆာလောင်ငတ်မွတ်မှုကို ရင်ဆိုင်ကြရ လိမ့်မည်ဟု WFP က ခန့်မှန်းထားသည်။

#NPNews #WFP

Related news

© 2021. All rights reserved.