အမေရိကန်ပြည်နယ်က လိုင်စင်မရှိဘဲ သေနတ်ကိုင်ဆောင်ခွင့် ပြုတော့မည်

 1182

ဝတီ (NP News) - မေ ၂၆
ပစ္စတိုကဲ့သို့သော သေနတ်မျိုးကို သက်ဆိုင်ရာထံမှ ခွင့်ပြုချက် မလိုဘဲ ကိုင်ဆောင်နိုင်မည့် ဥပဒေကြမ်းကို အမေရိကန်ပြည်ထောင်စု တက္ကဆက်စ်ပြည်နယ်မှလွှတ်တော် အမတ်များက အတည်ပြုလိုက် ကြောင်း မေလ ၂၅ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် လိုင်စင်ရှိမှသာ၊ လေ့ကျင့်မှု ရှိထားမှသာ၊ နောက်ကြောင်းရာဇဝင်ကို သက်ဆိုင်ရာက စစ် ဆေးပြီးမှသာ ပြည်နယ်သားများသည် ထိုသို့သောသေနတ်မျိုးကို ကိုင်ဆောင်ခွင့်ရှိခဲ့ကြောင်း သတင်း တွင်ဖော်ပြထားသည်။ ထိုသို့လုပ်လိုက်လျှင် အများပြည်သူအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း လက်နက်ထိန်းချုပ်ရေးအဖွဲ့ များက သတိပေးနေသော်လည်း အဆိုပါ ကန့်သတ်ချက်များကို ပယ်ချလိုက်ရန် ရီပတ်ပလီကန်စိုးမိုး သည့် လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ဥပဒေသစ် အသက်ဝင်လာလျှင် တက္ကဆက်စ်ပြည်နယ်သားများသည် မိမိကိုယ်ကို ပိုမိုခုခံကာကွယ် နိုင်မယ်” ဟု ယင်းဥပဒေသစ်ကို ထောက်ခံသူများက ပြောသည်။ တက္ကဆက်စ်ပြည်နယ်တွင် ရိုင်ဖယ်သေနတ်ကိုလည်း လိုင်စင်မလိုဘဲ ကိုင်ဆောင်ခွင့် ပြုထားပြီးဖြစ် ကြောင်းသိရသည်။
“ဥပဒေကြမ်းကို ပြည်နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ထားပြီဖြစ်ပြီး ဥပဒေကြမ်းကို လက်မှတ်ထိုးသွား မည်” ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။

ဥပဒေကြမ်းသာ ဥပဒေဖြစ်လာပြီး အသက်ဝင်လာပါက အသက် ၂၁ နှစ်နှင့်အထက် မည်သူမဆို ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရဖူးခြင်း သို့မဟုတ် တရားဥပဒေအရ ကန့်သတ်ချက်များ ချမှတ်ခံထားရခြင်း တစ်စုံတရာမရှိလျှင် ပစ္စတိုကဲ့သို့သော သေနတ်ကို လွတ်လပ်စွာကိုင်ဆောင်ခွင့် ရတော့မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Related news

© 2021. All rights reserved.