PDFကို နိုင်ငံတကာတွင်ဂုဏ်သိက္ခာရှိသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေကြောင်း NUG ၏ကာကွယ်ရေးဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးပြော

 761

ရဲပြည့် (NP News) မေ - ၂၇
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို နိုင်ငံတကာစံချိန် စံနှုန်းများဖြင့် ဂုဏ်သိက္ခာရှိသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးနေကြောင်း (NUG) ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးက မေလ ၂၆ ရက်က PVTVနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောသည်။

နိုင်ငံတွင် ကျင့်ဝတ် (၆ဝ) ကြေငြာထားပြီး ပြည်သူများအားနှိပ်စက်သတ်ဖြတ်နေသည့် တပ်မတော် တစ်ရပ်ပေါ်ပေါက်ခဲ့သောကြောင့် ပြည်သူများစိတ်ဆင်းရဲခဲ့ရကြောင်း၊ ပြည်သူကို ကာကွယ်ရမည့် တပ်မတော်က ပြည်သူများအား ပြန်လည်တိုက်ခိုက်နေခြင်းများရှိခဲ့သည့် သမိုင်းကြောင်းကို ခြေဖျက်ရန် အမှန်တကယ် ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများအားလိုက်နာပြီး နိုင်ငံတကာတွင်လည်း ဂုဏ်သိက္ခာရှိသည့် တပ်မတော်တစ်ရပ် ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ ကျမတို့ (PDF) တွေအနေနဲ့ Soldiers Rule ပေါ့နော်။ Military Objective ဖြစ်တဲ့ စစ်ရေးရည်မှန်းချက်တွေကိုသာ တိုက်ပွဲဖော်ဆောင်ရမှာဖြစ်တယ်။ စစ်ဆင်ရေး တာဝန်ထမ်းဆောင်တဲ့ အခါမှာ လိုအပ်တဲ့အင်အားကိုသာ အဓိကအသုံးပြုရမယ်ဆိုတာမျိုးတွေ၊ အရပ်သားပြည်သူတွေကို ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်ရမယ်ဆိုတာမျိုးတွေ၊ လူ့ဂုဏ်သိက္ခာနဲ့အညီ အရပ်သားပြည်သူတွေကို ဆက်ဆံရမယ်ဆိုတဲ့အနေအထားတွေ၊ အရပ်သားပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို လုယက်ဖျက်ဆီးတာ‌၊ လုယူသုံးစွဲခြင်းမပြုရဘူး၊ ဘာသာရေးအဆောက်အအုံတွေ ယာဉ်ကျေးမှုအမွေအနှစ်တွေကို လေးစားတန်ဖိုးထားရမယ် စတာတွေ နောက်ပြီး လက်နက်ကိုင် ပဋိပက္ခိနဲ့ဆိုင်တဲ့ဥပဒေသတွေကို ဖောက်ဖျက်ခြင်းမပြုရဘူးဆိုတဲ့ အခြေအနေတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေထဲမှာ ထည့်သွင်းထားပါတယ်" ဟု ဒေါ်ခင်မမမျိုးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွင် ပါဝင်ရန် ကြိုးစားနေသည့် လူငယ်များ အနေဖြင့်လည်း တစ်ဖက်က သိက္ခာမရှိသည့်လုပ်ဆောင်မှုများအား သိက္ခာရှိသည့် တပ်မတော်အနေဖြင့် ပူးပေါင်းတိုက်ပွဲဝင်ရမှာဖြစ်ကြောင်းနှင့် စစ်ကောင်စီက ပြည်သူလူထုအပေါ် ပြုကျင့်နေသည့် မတရားမှုများအား ရပ်တန့်နိုင်ရန် အာလုံးနှင့်အတူပူးပေါင်းဆောင်ရွက်၍ တိုက်ပွဲ ဝင်ကြရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

Related news

© 2021. All rights reserved.