ဘဏ်များမှ ငွေထုတ်ကန့်သတ်ခြင်းကို ဇူလိုင်လတွင် ဖြေလျော့ပေးမည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌပြော

 2551

ဇွဲပြည့် (NPNews) မေ ၂၇
ဘဏ်များမှ ငွေထုတ်ကန့်သတ်ခြင်းကို လာမည့် ဇူလိုင်လတွင် ဖြေလျော့ပေးမည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က NPNews သို့ မေလ ၂၇ ရက်တွင် ပြောသည်။

လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ဘဏ်များမှ ငွေထုတ်ယူရာတွင် အကန့်အသတ်များနှင့် အခက်အခဲများရှိနေသည့်အတွက် ဖြေလျော့မှုများပြုလုပ်ပေးရန် အစီအစဉ် ရှိ၊မရှိ NPNews ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းလည်းဖြစ်သည်။

“ဖြေလျော့ဖို့ အစီအစဉ်ရှိပါတယ်။ အကြမ်းဖျင်း ခုက မေလ ဆိုတော့ ဇူလိုင်လောက်ဆိုစပြီး ဖြေလျော့ဖို့ လုပ်မှာပါ။ ဇူလိုင်လထဲမှာဆိုရင် လက်ရှိ ကန့်သတ်ချက်ထက် နဲနဲပိုဖြေလျော့တဲ့ ဟာတွေလုပ်ဖို့ စီစဉ်နေပါတယ်” ဟု ဦးဝင်းသော်က ပြောသည်။

ဗဟိုဘဏ်သည် ၂ဝ၂၁ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ ATM မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများ ဆုံးငွေကျပ် ၅ သိန်း၊ မိမိ၏ ဘဏ်စာရင်းထဲမှ ငွေထုတ်မှုအတွက် လူတစ်ဦးလျှင် တစ်ပတ် အများဆုံး ငွေကျပ် သိန်း ၂ဝ နှင့် စီးပွားရေး ကုမ္ပဏီများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများကို တစ်ပတ်လျှင် အများဆုံးငွေကျပ် သိန်း ၂ဝဝ အထိသာ ထုတ်ယူရန် ကန့်သတ်ခဲ့သည်။
ထိုသို့ ကန့်သတ်မှုများကြောင့် ပြည်သူများသည် ATM စက်များနှင့် ဘဏ်များရှေ့တွင် တန်းစီရခြင်း၊ တစ်နေကုန် အချိန်ကုန် လူပင်ပန်းစွာဖြင့် တန်းစီရသော်လည်း မိမိအလှည့်မရောက်မီ အချိန်တွင် ATM စက်၌ ငွေကုန်သွားခြင်း၊ ဘဏ်များတွင် တိုကင်နံပါတ်များဖြင့် စောင့်ဆိုင်းတန်းစီသော်လည်း ဘဏ်မှ ကန့်သတ်ထုတ်ပေးသည့် ငွေပမာဏကိုသာရရှိခြင်း၊ ဘဏ်အကောင့်ထဲမှငွေသားကို ထုတ်ယူနိုင်ရန်အ တွက် ပြင်ပတွင် ရာခိုင်နှုန်းကြီးစွာဖြင့် လဲလှယ်နေရသည့် အခက်အခဲများလည်းရှိနေသည်။

Related news

© 2021. All rights reserved.