ကယ်လီဖိုးနီးယားပြည်နယ်ရှိ မီးရထားဝန်းတစ်ခုတွင် သယ်ယူပို့ဆောင်ရေး ဝန်ထမ်း ၈ ဦးသေနတ်ဖြင့် ပစ်သတ်ခံရပြီး သေနတ်သမားလည်း သေဆုံး

 671

ရောင်နီ ( NP News ) - မေ ၂၇
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ San Jose မြို့ရှိ မီးရထားဝန်းတွင် မေလ ၂၆ ရက်က သယ်ယူပို့ဆောင်ရေး ဝန်ထမ်းတစ်ဦးက လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများကို သေနတ်ဖြင့်သေသည်အထိပစ်သတ်ခဲ့ပြီး ၎င်းကိုယ်တိုင်လည်း အဆုံးစီရင်ခဲ့ကြောင်း CNA သတင်းဖော်ပြချက်အရ သိရသည်။

Santa Clara Valley သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ( VTA ) က ၎င်း၏မီးရထားဝန်းတွင် နံနက် ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သတ်ပြီး ဖြစ်နိုင်ခြေရှိသည့် အသေးစိတ်အချက်အ လက်များကို ချက်ခြင်းပြောကြားနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

“အခင်းဖြစ်နေရာမှာ ပေါက်ကွဲနိုင်တဲ့ ကိရိယာတစ်ခုတွေ့ရှိခဲ့ခြင်းကြောင့် ဗုံးရှာဖွေရေးအဖွဲ့က ဆက် လက်ရှာဖွေမှုတွေ ပြုလုပ်နေကြောင်း” Santa Clara ကောင်တီ လက်ထောက်ရဲအရာရှိ Russell Davis က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သေနတ်သမား Samuel Cassidy သည်သယ်ယူပို့ဆောင်ရေးဌာနတွင် ၂ဝ၁၂ ခုနှစ်မှစကာ Electro mechanic ရာထူးဖြင့် အလုပ်ဝင်ခဲ့သူဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် Substation maintainer အဖြစ် ရာထူးတိုးခဲ့ကြောင်း Transportation California ဝဘ်စ်ဆိုက်တွင် ဖော်ပြထားသည်။

လူဦးရေ ၁ သန်းနေထိုင်ရာ San Jose မြို့သည် ကမ္ဘာလုံးဆိုင်ရာနည်းပညာအချက်အချာနေရာဖြစ်ပြီး အမေရိကန်၏ အကြီးမားဆုံးနည်းပညာကုမ္ပဏီကြီးအချို့ရှိရာနေရာလည်းဖြစ်ခြင်းကြောင့် သေဆုံး သွားသည့် ဝန်ထမ်းများသည် မရှိမဖြစ်လိုအပ်သည့် ဝန်ထမ်းများဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

ကမ္ဘာပေါ်တွင် သေနတ်ကိုင်ဆောင်မှု အမြင့်မားဆုံးဖြစ်သည့် အမေရိကန်သည် သေနတ်ကိုင် အကြမ်း ဖက်မှုအမြောက်အများ ဖြစ်ပွားရာနိုင်ငံလည်းဖြစ်ပြီး ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်ဖြစ်ရပ်သည် အမေရိကန်တွင် ယခုနှစ်အတွင်း ၈ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Related news

© 2021. All rights reserved.