ကိုယ်ပိုင်ကျောင်းများတွင် CDM ဆရာ/ဆရာမများကိုခန့်အပ်ခြင်းမပြုရန် စစ်ကောင်စီ စာထုတ်မှုကို CDM ပညာရေးအဖွဲ့များက လိုက်နာမည်မဟုတ်ဟုဆို

 916

ဇွဲပြည့် (NPNews) မေ ၂၈

CDM ပြုလုပ်သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံထားရသော ဆရာ/ဆရာမများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်ပိုင် ပုဂ္ဂလိက စာသင်ကျောင်းများတွင် မခန့်အပ်ရန် စစ်ကောင်စီက မေလ ၂၇ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်လာမှုကို လိုက်နာမည်မဟုတ်ကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)က ယနေ့ မေလ ၂၈ ရက်တွင် တုံ့ပြန်လိုက်သည်။

အခြေခံပညာဝန်ထမ်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ပညာရေးယန္တရားကို အတိအလင်းဆန့်ကျင် သပိတ်မှောက်ပြီးဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ညွှန်ကြားချက်များကို လုံးဝ လိုက်နာမည်မဟုတ်ကြောင်း၊ စစ်ကောင်စီ၏ ညွှန်ကြားချက်အတိုင်း စစ်ကျွန်ပညာရေးသင်တန်းများ ဖွင့်လှစ်သင်ကြားမည့် ကိုယ်ပိုင်ကျောင်းများတွင်လည်း CDM ပညာရေးဝန်ထမ်းများက စစ်အာဏာရှင်ယန္တရားသက်ဆိုးရှည်ရန် အထောက်အပံ့ပြုမည့် သင်ကြားရေးတာဝန်များကို လုံးဝထမ်းဆောင်မည်မဟုတ်ကြောင်း၊ သင်ကြားရေးလုပ်ငန်းဆောင်ရွက်ရသည့် ပညာရှင်များပီပီ မိမိတို့တက်ကျွမ်းသော အတက်ပညာဖြင့် လွတ်လပ်စွာ အသက်မွေးပိုင်ခွင့်အပြည့်အဝရှိကြောင်း BEGSC က သတင်းထုတ်ပြန်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ ညွှန်ကြားချက်များမှာ တရားမဝင်သဖြင့် လိုက်နာရန်မလိုကြောင်း၊ ပြည်သူ့အစိုးရ ပြန်လည်တာဝန်ယူချိန်တွင် မူလအလုပ်တာဝန်ရရှိရန်၊နစ်နာမှုများကုစားနိုင်ရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖေဖော်ဝါရီ ၂၃ ရက်က ထုတ်ပြန်ထားသည်။

Related news

© 2021. All rights reserved.