ကလေး၊ ကော့သောင်း၊ ထားဝယ်၊ မြိတ်တို့မှလာမည့် ခရီးသည်များ COVID-19 စစ်ပြီးမှသာ ယာဉ်စီးနင်းခွင့်ရမည်

 355

ဖူးပြည့် (NP News) - မေ ၂၈

ကလေး၊ ကော့သောင်း၊ ထားဝယ်၊ မြိတ်တို့မှလာမည့် ခရီးသည်များ COVID-19 စစ်ပြီးမှသာ ယာဉ်ပေါ်တက်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ (YRTC) မှ တာဝန်ရှိသူတစ်ဦးက မေလ ၂၈ ရက်က ပြောသည်။

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က ကိုဗစ်ပိုးတွေ့လူနာ ၁ဝဝ နီးပါးတွေ့ရှိခဲ့ပြီးနောက် ယင်းကန့်သတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျန်းမာရေးက ဒီနေ့ကစပြီးစစ်တယ်။ ဟိုဘက်ကလာတဲ့လူကိုတော့ စစ်ရမယ်ပြောတယ်။ ဒီဘက်က နေသွားမယ့်လူတွေကိုတော့ ဘာမှမပြောသေးဘူး။ လောလောဆယ်တော့ ဒီမြို့နယ်တွေကိုပဲသိသေးတယ်” ဟု ယင်းကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုများပြားခဲ့သည့်အချိန်က ခရီးသွားနည်းပါးခဲ့သည့်အတွက် အဝေးပြေးယာဉ်လိုင်းပြေးဆွဲမှုနည်းပါးခဲ့ပြီး စစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်အရပ်ရပ်သို့ပြန်သည့်ခရီးသည်များပြားလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းပြေးဆွဲမှုများပြန်လည်များပြားလာခဲ့သည်။ မေလ ၂၇ ရက်တွင် အဝေးပြေးယာဉ်လိုင်း ၁၇၃ လိုင်းမှ ယာဉ်အစီးရေ ၃၆၈စီးပြေးဆွဲခဲ့ပြီး ခရီးသည် ၃၁ဝ၆ ဦးစီးနင်းခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်လက်ရှိအချိန်ထိ ပိုးကူးစက်လူနာ ၁၄၃၄၁၄ ဦးရှိပြီး ဆေးရုံဆင်းပြီးသူပေါင်း ၁၃၂၂၆၉ ဦးရှိပြီဖြစ်ကြောင်းသိရသည်။

Related news

© 2021. All rights reserved.