နစကဘက်မှ ကာကွယ်မပေးနိုင်လျှင် ကိုယ်ပိုင်ခုခံကာကွယ်ခွင့်ကို ကျင့်သုံးသွားရလိမ့်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ကြေညာ

 824

Iris (NP News) မေ ၂၈

ပါတီ၏မြို့နယ်ဥက္ကဋ္ဌ သတ်ဖြတ်ခံရမှုဖြစ်စဉ်အပြင် လက်ရှိမြေပြင်အခြေအနေ၌ မသမာအကြမ်းဖက် သူများကြောင့် ပြည်သူလူထုအနေဖြင့် မလုံမခြုံခံစားနေရပြီး ယင်းဖြစ်ရပ်များကို တာဝန်ရှိသူများက အကာအကွယ်မပေးနိုင်ပါက ကိုယ်ပိုင်ခုခံကာကွယ်ခွင့်ကို ကျင့်သုံးသွားရလိမ့်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်လိုက်သည်။

လွန်ခဲ့သောရက်ပိုင်းအတွင်းက ပါတီ၏မြို့နယ်ဥက္ကဋ္ဌတစ်ဦး အကြမ်းဖက်သတ်ဖြတ်ခံရပြီးသည့်နောက်တွင် ပါတီတွင်း၌ စိတ်မချမ်းမြေ့မှုများအပါအဝင် မလုံခြုံမှုများပါခံစားလာရသည့်သဘောမျိုးဖြင့် ပြည်ခိုင်ဖြိုးပါတီဘက်က သက်ဆိုင်ရာတာဝန်ရှိသူ(နစက)များသိစေရန်အတွက် မေလ(၂၈)ရက်တွင် ကြေညာချက်ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။ လတ်တလောအခြေအနေတွင် နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာစက်သည် အောက်ခြေအထိအပြည့်အဝမရောက်သေးဘဲ လူမိုက်လူရမ်းကားများ၏ ရမ်းကားကြမ်းတမ်းမှုဒဏ်ကို မည်သည့်ပါတီဝင်မှမဟုတ်သော သာမန်ပြည်သူများကိုပါ ထိခိုက်နစ်နာမှုများ ရှိနေစေခဲ့ပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုး၏ကြေညာချက်တွင် ဖော်ပြထားသည်။ နိုင်ငံရေးခေါင်းဆောင်ဆိုသူများ၏ ဥပဒေပြင်ပမှ မြှောက်ထိုးပင့်ကော် ပြောဆိုတိုက်တွန်းမှုများကြောင့် တိုင်းပြည်အတွင်း အထွေထွေမတည်ငြိမ်မှုများဖြစ်လာပြီး စစ်မီးတောက်လာနိုင်သည့်အခြေအနေကိုပါ ဆိုက်ရောက်နေကြောင်းလည်း ဆိုသည်။ ယင်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ ထိရောက်သောအကာအကွယ်ပေးနိုင်မှုများ မရှိပါက သာမန်ပြည်သူများအနေဖြင့် မိမိကိုယ်တိုင် ကိုယ်ပိုင်ခုခံကာကွယ်ခွင့်များကိုသာ ကျင့်သုံးသွားရလိမ့်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ရေးသားထားသည်။ အပြစ်မဲ့ပြည်သူများ၏ ထိခိုက်ခံစားနေရမှုများကို ပါတီအနေဖြင့် စိတ်ထိခိုက်မှုဖြစ်ရပြီး ကူညီပေးသွားရန်လည်း ပြင်ဆင်နေကြောင်းဆိုသည်။

အထူးသဖြင့် ပါတီတွင်း၌လည်း ဥပဒေဘောင်များအတွင်းမှနေ၍ နိုင်ငံသူနိုင်ငံသားများကို ခုခံကာကွယ်ပေးသွားရန်လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်အသိပေးထားပြီးပြီဖြစ်ကြောင်း မေလ(၂၈)ရက်က ကြေညာချက်တွင် ဖော်ပြထားသည်။

Related news

© 2021. All rights reserved.