ကျောင်းစတက်မည့်ဆရာ/ဆရာမများအပေါ် နှောင့်ယှက်မှုများပြုလုပ်ပါက ထိရောက်စွာအရေးယူသွားမည်ဟု နစက ထုတ်ပြန်

 645

NP News - မေ ၂၈
ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတက်မည့်ဆရာ/ဆရာမများ၏ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဟန့်တားနှောင့်ယှက်သူများကိုလည်း ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း နစက မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတက်မည့် ဆရာ/မများနှင့် ကျောင်းသား/သူများ၏ လုံခြုံရေးပိုင်းနှင့်ပတ်သက် ပြီး စစ်ကောင်စီဘက်မှ မည်သို့စီစဉ်ထားကြောင်း မီဒီယာများ၏ မေးမြန်းချက်အပေါ် စစ်ကောင်စီဘက် မေလ ၂၈ ရက်နေ့တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျောင်းလုံခြုံရေး၊ ကျောင်းပတ်ဝန်းကျင်လုံခြုံရေးတွေအတွက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဆရာ/ ဆရာမတွေကိုလည်း တချို့နယ်တွေက ကျောင်းတွေမှာ နှောင့်ယှက်ဟန့်တားတာတွေလုပ်နေတာလည်း တွေ့ရပါတယ်။ မနေ့က ကြေညာချက်ထုတ်ပြီးပြီလည်းဖြစ်ပါတယ်။ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု နစက မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်မှ စတင်၍ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံမှုများပြုလုပ်ခဲ့ သော်လည်း ကျောင်းလာရောက်အပ်နှံသူ ကျောင်းသားဦးရေသည် အလွန်နည်းပါးလျက်ရှိပြီး ကျောင်း လာရောက်အပ်နှံသူ ကျောင်းသား/သူများထဲတွင် အများစုသည် တပ်၊ ရဲ နှင့် CDM မလုပ်ထားသော ဝန်ထမ်း များ၏ သားသမီးများသာ ဖြစ်သည်ဟု သိရသည်။

စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် စစ်ကောင်စီဘက်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ကျောင်းမတက် ရေးလှုပ်ရှားသူများဘက်မှလည်း ကျောင်းများရှေ့တွင် ကျောင်းမတက်ရေးကမ့်ပိန်းများကို ပိုမိုလုပ်ဆောင်လျက် ရှိပြီး ကျောင်းသွားတက်မည့် ဆရာ/မများကိုလည်း ဟန့်တားနှောင့်ယှက်မှုများပြုလုပ်လျက်ရှိသည်။
၂၀၂၁- ၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများကို လာမည့် ဇွန်လ ၁ ရက်နေ့တွင် ပုံမှန်အတိုင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။
#NPNews

Related news

© 2021. All rights reserved.