ဇွန်လ ၁ ရက်တွင် ကျင်းပမည့် ထီဖွင့်ပွဲတွင်လည်း အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ကို သာချီးမြှင့်မည်ဖြစ်ပြီး ကျပ် ငါးသောင်းဆုပေးတော့မည်မဟုတ်
406
ဇွဲပြည့် (NPNews) မေ ၃၀
ဇွန်လ (၁) ရက်တွင် ဖွင့်လှစ်မည့် (၂၇) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင်လည်း အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ကိုသာ ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။
ဇွန်လ (၁) ရက်တွင်ဖွင့်မည့် (၂၇) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် “က” အက္ခရာမှ (န) အထိ စုစုပေါင်းအက္ခရာ (၂၀) တွင် ထီစာအုပ် (၂၆၂,၃၃၄) အုပ်ရောင်းချခဲ့ရပြီး ထီလက်မှတ်ရောင်းချရငွေမှာ ကျပ်သန်း (၂၆၂၃,၃၄၀) ဖြစ်သည့်အတွက် (၆၀) ရာခိုင်နှုန်း အဖြစ် ခွဲဝေချီးမြှင့်မည့်ဆုငွေမှာ ကျပ်သန်း(၁၅၇၄,ဝ၀၄) ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ကျပ်သန်း(၁၅၇၄,ဝ၀၄) ထဲမှ အထူးဆုကြီးအဖြစ် ကျပ်သိန်းငါးထောင် (၁) ဆု၊ ကျပ် သိန်းတစ်ထောင် (၁) ဆု၊ ကျပ်သိန်းငါးရာ (၈) ဆု၊ ကျပ်သိန်းနှစ်ရာ (၈) ဆု ကျပ်သိန်းတစ်ရာ (၁၀) ဆု၊ ကျပ်သိန်းငါးဆယ် (၁၀) ဆု၊ ကျပ်သိန်းနှစ်ဆယ် (၁၁) ဆု၊ ကျပ်ဆယ်သိန်း (၁၃) ဆု၊ ကျပ် သုံးသိန်း (၃၀) ဆု၊ ကျပ်နှစ်သိန်း (၁၀ဝ) ဆု၊ ကျပ်တစ်သိန်း (၂၀ဝ၀) ဆု တို့ကို ပေးသွားမည်ဖြစ်ပြီး (၂၇) ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ် ငါးသောင်းဆုကို ချီးမြှင့်တော့မည်မဟုတ်ဟု သိရသည်။
စစ်တပ် အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ရက်မှ စ၍ ပြည်သူများသည် စစ်ကောင်စီကို ဆန့ကျင်သည့်အနေဖြင့် အစိုးရထီများ မထိုးခဲ့သည့်အတွက် ထီထိုးသူဦးရေလျော့နည်းသွားပြီး အစိုးရအခွန်ငွေ ရရှိမှုသည်လည်း ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကာ ထီဖွင့်ပေးတွင် ပေးသည့် အမြင့်ဆုံးဆုကိုလည်း ယခင် ငွေကျပ်သိန်း ၁၅ဝဝဝ မှ ငွေကျပ် သိန်း ၅ဝဝဝ သို့ ပြောင်းလဲခဲ့ရသည်။
စစ်ကောင်စီလက်ထက်တွင် ထီထိုးသူဦးရေ နည်းပါးသည့်အတွက် အစိုးရဌာနများ၊ ကျောင်းများတွင် ထီလက်မှတ်များကို ရောင်းချရန် ညွှန်ကြားစာများလည်း ထွက်ပေါ်ခဲ့သေးသည်။