လူ့အခွင့်အရေးကို လေးစားမှုရှိလာစေရန် ပူတင်နှင့်တွေ့ဆုံစဉ်ပြောကြားသွားမည်ဟု ဘိုင်ဒန်ဆို

 493

ဝတီ (NP News) - မေ ၃၁
ရုရှားအစိုးရ လူ့အခွင့်အရေး အလွဲသုံးစားလုပ်သည်ကို အမေရိကန်အစိုးရက လက်ခံခွင့်ပြုသွားမည် မဟုတ်ဆိုသည့်အချက်အား ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြား သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မေလ ၃ဝ ရက်တွင် ကတိပြုပြောကြား လိုက်သည်။

နှစ်နိုင်ငံမှ ခေါင်းဆောင်ကြီးနှစ်ဦးသည် ဇွန်လ ၁၆ ရက်တွင် ဂျနီဗာ၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး သမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေးရာတွင် လူ့အခွင့်အရေးချိုးဖောက်သည့်လုပ်ရပ်အားလက် ပိုက်ကြည့် နေမည်မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာပြောသွားမည်ဟု ဘိုင်ဒန်က အဆိုပါထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်ကာ ပြောကြားသွားသည်။

နှစ်ဖက်ဆက်ဆံရေးတင်းမာနေသော်လည်း တစ်ဖက်နှင့်တစ်ဖက် နားလည်ကာ အချို့နယ်ပယ်များ တွင် အတူလက်တွဲအလုပ်လုပ်နိုင်မည့် ဆက်ဆံရေးမျိုး ထူထောင်သွားမည်ဆိုသည့် ရည်မှန်းချက်များထားရှိသွားမည်ဟု အမေရိကန်အစိုးရဘက်က ပြောထားသေးသည်။

ဆိုက်ဘာတိုက်ခိုက်မှုတွင် ရုရှား၏ပယောဂပါနေကာ ၂ဝ၂ဝခုနှစ် သမ္မတရွေးကောက်ပွဲတွင်လည်း ရုရှားက အကြိမ်ကြိမ်ကြားဝင် နှောင့်ယှက်ထားသည်ဟုဆိုကာ ဘိုင်ဒန်က ရုရှားအစိုးရကို အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ်ထားသည်။ ထို့ပြင် ရုရှားအတိုက်အခံခေါင်းဆောင် အယ်လက်စီနဗယ်လ်နီကို သေလုမတတ်အဆိပ်ခတ်ကာ ထောင်ချလိုက်မှုနှင့်ပတ်သက်၍လည်း အမေရိကန်အစိုးရက ရုရှားအစိုးရကို အပြင်းအထန်ဝေဖန်ပြောဆိုထားသည်။ ယူကရိန်းအရေးနှင့် ဘယ်လာရုစ်အရေးကြောင့်လည်း ထိုနှစ်နိုင်ငံ သဘောထားကွဲလွဲနေကြပြန်သည်။

Related news

© 2021. All rights reserved.