သမ္မတ ဦးဝင်းမြင့် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား မူလထားရှိသော နေရာမှ အခြားနေရာတစ်ခုသို့ ပြောင်းရွေ့ခံထားရဟု NUG ပြော
795
အိဖြူ (NP News) ဇွန် ၁
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား မူလထားရှိသော နေအိမ်များမှ နေရာအတိအကျမသိရသော အခြားနေရာတစ်ခုသို့ ပြောင်းရွေ့ခြင်း ခံထားရကြောင်း ခိုင်လုံသောသတင်းများအရ သိရသည်ဟု NUG က မေလ ၃၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး မေလ ၂၄ ရက်က ပထမဆုံးအကြိ်မ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေက ခြံတစ်ခု ၏အိမ်ထဲတွင် တရားခွင်ပုံစံ အခန်းတစ်ခုပြုလုပ်၍ လူတွေ့ စစ်ဆေးပြီးသည့်နောက်တွင် မူလထားရှိသော နေအိမ်များမှ ပြောင်းရွေ့လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
“သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အား မူလထားရှိသော နေအိမ်များမှ ရွှေ့ပြောင်းပြီး နေရာအတိအကျမသိရသော အခြားနေရာတစ်ခုသို့ ပြောင်းရွေ့ထားသည်ဟု ခိုင်လုံသောသတင်းများအရ ကြားသိရပြီး အဆိုပါအခြေအနေနှင့်ပတ်သက်၍ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံခေါင်းဆောင်များ၏ လုံခြုံရေးအတွက် အထူး စိုးရိမ်မိပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတရားရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်း၏ရှေ့နေများနှင့် ပထမဆုံး အကြိမ် မိနစ် ၃၀ ခန် တွေ့ဆုံခွင့်ရခဲ့ပြီး ရှေ့နေများနှင့်တွေ့ဆုံစဉ် “ပြည်သူရှိသရွေ့ပါတီ ရှိနေမည်ဖြစ်ကြောင်း အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုထံသို့ သတင်းစကားပါးခဲ့သည်။
တရားရုံးတွင် စစ်ဆေးနေသည့်ဓါတ်ပုံများကိုလည်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသ ခဲ့ပြီး အဆိုပါလုပ်ရပ်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လူသားဂုဏ်သိက္ခာကို ထိပါးခြင်းဖြစ်သည့် အတွက် နိုင်ငံခေါင်းဆောင်များသာမက မည်သူတစ်ဦးတစ်ယောက်အပေါ်တွင်မှ မကျူးလွန်သင့်သော လုပ်ရပ်ဖြစ်သောကြောင့် NUG ဘက်မှ ပြစ်တင်ရှုံချခဲ့သည်။
#NPNews #ဒေါ်အောင်ဆန်းစုကြည်