NLD-NUG ကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတယ်။ လုံးဝအသိအမှတ်မပြုပါဘူး။ လေထဲမှာလုပ်နေတဲ့ အဖွဲ့ တွေ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

 1187

Interviews with The Pheonix
နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာမှ တွေ့ဆုံမေးမြန်းခြင်း

မေး။ ။ အခုလတ်တလောမှာပဲ ဗိုလ်ချုပ်မှူးကြီးကို မီဒီယာများမှာ မြင်ရတာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းကျန်းမာမာရှိတာ တွေ့ရပါတယ်။

ဖြေ။ ။ နေကောင်းပါတယ်။ ခရီးလည်းသွားနေတာဖြစ်တဲ့အတွက်ကြောင့် နောက်တစ်ခုက ပြည်သူနဲ့ ထိတွေ့မှုရှိတာလည်း ပိုကောင်းတယ်လို့ ယူဆတဲ့အ တွက်ကြောင့် ကျွန်တော်ကလည်း ပြောစရာရှိတာပြော၊ သွားစရာရှိတာသွား၊ လုပ်စ ရာရှိတာ လုပ်နေပါတယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်္ဂလာပါရှင်။ အခု ကမ္ဘာ့အပြင်ဘက် မှာ ပြောဆိုနေကြတဲ့ အတိုင်း မြန်မာပြည်ဟာ ဖေဖော်ဝါရီလမှာ ဖြစ်ပေါ်ပြောင်းလဲ မှုတွေကို သူတို့အနေနဲ့ သတိထားမိပါတယ်။ အဲ့ဒီအပေါ်မှာ အပြင်ကလူတွေဟာ ပြောကြားနေတာကတော့ စစ်အာဏာသိမ်းမှုလို့ ပြောဆိုနေကြတာရှိပါတယ်။ အဲ့ဒီ အပေါ်မှာ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုများ တုန့်ပြန်ပြောဆိုချင်ပါ သလဲ။

ဖြေ။ ။ ဒါသူတို့အမြင်ပြောတာပါ။ သေချာတာက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေ ခံ ဥပဒေကို နားမလည်ဘူးဆိုတာတော့ ထင်ရှားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ဘူးဆိုတာ တစ်ချက်ပေါ့။ နောက် ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေရှိတယ်။ အဲ့ဒီအခွင့်အရေးတွေက လုပ်လို့ ရတာတွေ အများကြီးရှိပါတယ်။
နောက်တစ်ခုက အာဏာသိမ်းတာနဲ့ အာဏာထိန်းသိမ်းတာ မတူဘူး ဆိုတာ ကျွန်တော် ခွဲခြားပြီးပြောချင်တယ်။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေပုဒ်မ ၄၁၇ မှာ ပြဌာန်းထားတဲ့ တစ်ချက်ရှိတယ်။ အဲ့ဒီမှာ အ‌ရေးပေါ်အခြေအနေဖြစ် ပေါ်လာရင် တပ်မတော်ကနေ နိုင်ငံတော်ကို ထိန်းသိမ်းပေးဖို့အတွက် တာဝန်ရှိတဲ့ တစ်ချက် ပါပါတယ်။ ဒီတာဝန်အရ ကျွန်တော်တို့က နိုင်ငံတော်ရဲ့ တာဝန်ကိုယူရတာပါ။ ဒါကို ပြန်ပြီး အသေးစိတ်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ မှာ တပ်မတော်သည် အမျိုးသားနိုင်ငံရေးတာဝန်ကို ထမ်းဆောင်ရမယ်ဆိုတဲ့ တစ်ချက် ဖော်ပြထားတယ်။ ပုဒ်မ ၂၀ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုပြီး ဖော်ပြထားတာ တစ်ချက်ရှိတယ်။ ပုဒ်မ ၄၁၇ မှာ နိုင်ငံတော်မှာ အရေးပေါ် အခြေ အနေ ဖြစ်ပေါ်လာရင် တပ်မတော်က ဝင်ရောက် ထိန်းသိမ်းနိုင်တဲ့ အခွင့်အရေးရှိ တယ်ဆိုတာ ဖော်ပြထားတယ်။ ဒီအချက်ကြောင့် ကျွန်တော်တို့က အာဏာသိမ်း စရာမလိုဘဲနဲ့ တိုင်းပြည်ကို ဝင်ရောက်ထိန်းသိမ်းပေးတာဖြစ်တယ်ဆိုတာကို ကျွန်တော် ကနဦးရှင်းပြလိုပါတယ်။
အရေးပေါ်အခြေအနေ ကြေညာပြီး တိုင်းပြည်ထိန်းသိမ်းတဲ့အခါမှာ တပ်မတော်က ထိန်းသိမ်းတဲ့ အစိုးရ တစ်ခုဖွဲ့စည်းထားပါတယ်။ အဲ့အစိုးရထဲမှာ တပ်မတော်ကလည်းပါတယ်၊ အရပ်ဖက် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ၊ သြဇာအာဏာ ရှိတဲ့ပုဂ္ဂိုလ်တွေလည်းပါပါတယ်။ တပ်မတော်သားချည်း အားလုံးက တာဝန်ယူထား တာ မဟုတ်ဘူး။ နံပါတ်(၁) အချက်အနေဖြင့် ခင်ဗျားတွေ့ရလိမ့်မယ်။ ဒုတိယ အချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ကျွန်တော်တို့သွားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပယ်ဖျက်ဘူး ဥပဒေကြီး ရှိနေတယ်။

မေး။ ။ အခုမေးချင်တဲ့ မေးခွန်းအတိုလေးက အခုလိုမျိုး တာဝန်ယူရတယ်ဆို တာ မြန်မာပြည်ရဲ့ အခြေခံဥပဒေကို ကာကွယ်ဖို့အတွက် ဆောင်ရွက်တယ်လို့ ဆိုလို ချင်တာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ မှန်ပါတယ်။

မေး။ ။ အဲ့လိုမျိုး အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုပုံစံမျိုး ဖြစ်လာတယ် ဆိုတာ ဘယ်လိုအခြေအနေမျိုးတွေကို ပြောလိုပါသလဲ။ အဲ့အခြေအနေတွေကြောင့် အခြေခံဥပဒေကို ကာကွယ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါသလား။

ဖြေ။ ။ ဟုတ်တယ်။ နိုင်ငံတော်၏အာဏာကို အဓမ္မနည်းနဲ့ယူတယ်ဆိုတာ လည်း ခြိမ်းခြောက်မှုတစ်ခုပါ။ ကျွန်တော်တို့က ရွေးကောက်ပွဲမှာ ဖြစ်လာတဲ့ ရလဒ် တွေအရ ဒါတွေဟာ ဥပ‌ဒေနဲ့ မညီဘူးဆိုတာ ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဒါကို ဥပဒေနဲ့အညီ ရှင်းဖို့လုပ်တဲ့ အချိန်မှာ အနိုင်ရတဲ့ပါတီက ဒီဟာကို ရှင်းလင်းဖို့ မကြိုး စားဘဲနဲ့ လွှတ်တော်ခေါ်ပြီးတော့မှ အာဏာကိုဆက်ပြီး တည်မြဲအောင်လုပ်ဖို့ ကြိုး စားတဲ့အတွက်ကြောင့် အဓမ္မနည်းနဲ့ အာဏာယူဖို့ ဆောင်ရွက်ခြင်းဖြစ်တယ်။ ဒါကို ကျွန်တော်တို့က ကာကွယ်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အစိုးရအနေနဲ့ သူတို့ဖက်က ကြေညာ တာက ၈၀ ရာခိုင်နှုန်းလောက်အထိကိုနိုင်တယ်လို့ ပြောပါတယ်။ အဲ့တော့ တပ်မတော်ဖက်က ဘယ်လိုကိန်းဂဏန်းတွေအရ သူတို့သည် မဲမသမာမှုလုပ်သွား တယ်လို့ ပြောဆိုနိုင်ပါသလဲ။

ဖြေ။ ။ သူတို့ပြောတာကတော့ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နိုင်တယ်လို့ ပြောတာ ပေါ့။ ဒါကတော့ သူတို့ရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောတာ။ ဒါပေမယ့် ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ မဲပေးခဲ့တဲ့ မဲစာရင်းတွေဟာ လုံးဝမှားယွင်းနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ မဲပေးခွင့်ရှိတဲ့သူဟာ UEC လို့ခေါ်တဲ့ Union Election Commission ကြေညာတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့သူသည် ၃၈ ဒသမ ၂၇ သန်းရှိတယ်။ ဒါပေမယ့် အဲ့လူ တွေကို စာရင်းစစ်ကြည့်တဲ့အခါမှာ ၁၀ ဒသမ ၄၈ သန်းက စာရင်းမှားနေတာကို တွေ့ရတယ်။
ဒီမိုကရေစီမှာ ရွေးကောက်ပွဲသည် တစ်ကယ့်အရေးကြီးတဲ့ စနစ်တစ်ခု ပါပဲ။ ဒီမိုကရေစီတင်မဟုတ်ဘူး တစ်ပါတီ ဆိုရှယ်လစ်စနစ်မှာလည်း ရွေးကောက်ပွဲ နဲ့သွားတယ်။ ပါတီစုံစနစ်မှာလည်း ရွေးကောက်ပွဲနဲ့သွားတယ်။ ရွေးကောက်ပွဲလုပ် တဲ့အခါမှာ မဲစာရင်းတွေမှန်ကန်ဖို့က သိပ်အရေးကြီးတယ်။ မဲစာရင်းတွေမမှန်မကန် ဘဲနဲ့ ရွေးကောက်ပွဲကို လုပ်လိုက်ရင် ရလဒ်တွေက ဘယ်လိုမှကို အနှစ်သာရပြည့်ဝ တဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်နိုင်ဘူးဆိုတာ နိုင်ငံတိုင်းက လက်ခံထားတယ်။

မေး။ ။ အခုလိုမျိုး ဗိုလ်ချုပ်မှူးကြီးဘက်က ပြန်ဖြေတာကိုလည်း နားလည်ပါ တယ်။ တစ်ကယ်တမ်းပြောရရင် NLD ဘက်ကနေပြီးတော့ မဲစာရင်းတွေကို တမင် တကာ ဒီလိုမျိုး လုပ်သွားတယ်ဆိုတဲ့ သဘောမျိုးပြောလိုပါသလား။

ဖြေ။ ။ မဲစာရင်းအမှားတွေကို အများကြီးပြုစုထားတာရှိတယ်။ မဲစာရင်းကို စစ် တဲ့အခါမှာ ၁၀ ဒသမ ၄၈ သန်း မဲစာရင်းမှားတယ်။ အဲ့မှာ နိုင်ငံသားစိစစ်ရေး ကဒ်တစ်ခုတည်းမှာ နာမည်တွေ မျိုးစုံထပ်နေတာရှိတယ်။ အဖေတူတယ် အမေ မတူဘူး။ အမေတူတယ် အဖေမတူဘူး စသည်ဖြင့် ဒီလိုဟာတွေက ၅ သန်းကျော် ရှိတယ်။ နောက်တခါ အသက် ၁၀၀ ကျော်နေတဲ့ ပုဂ္ဂိုလ်တွေပါတယ်။ မှတ်ပုံတင် မရှိတဲ့သူတွေပါတယ်။ ဒါတွေက ၄ သန်းကျော်ရှိတယ်။ ပေါင်းလိုက်ရင် ၁၀ ဒသမ ၄၈ သန်းရှိတယ်။ ဒီလူတွေရဲ့ စာရင်းဇယားမမှန်ကန်မှုက ဘယ်လိုလုပ် မဲစာရင်း မှန်ကန် မှု ဖြစ်နိုင်မလဲ ခင်ဗျားတို့ စဉ်းစားကြည့်လို့ရတယ်။

မေး။ ။ ပြီးခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်အပြီးမှာတော့ ပြည်သူတွေရဲ့ တုန့်ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။ အဲ့အတွက်ကော အဆွေ တော်ဖက်က မှန်းဆခဲ့တာမျိုး၊ ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးကော ရှိခဲ့ပါသလား။

ဖြေ။ ။ ပြောရရင် အဲ့လောက်ထိတော့ များလိမ့်မယ်လို့မထင်ခဲ့ဘူး။ ခံစားချက် တော့ရှိပါလိမ့်မယ်။ အဲ့လိုမျိုးဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ဖူးတာကို ကျွန်တော် ဥပမာတစ်ခုပြောချင်တယ်။
၁၉၅၆ ခုနှစ်က ကျွန်တော်တို့ဆီမှာအစိုးရကလုပ်တဲ့ စာမေးပွဲတစ်ခုရှိ တယ်။ ၇ တန်းစာမေးပွဲ။ မေးခွန်းတွေပေါက်တဲ့အတွက်ကြောင့် စာမေးပွဲမှာ ပြဿနာတွေတက်ပြီးတော့ စာမေးပွဲဖြေတဲ့အတွင်းမှာပဲ အစိုးရက ဒီစာမေးပွဲကို ‌ရွှေ့ဆိုင်းခဲ့တယ်။ ရွှေ့ဆိုင်းလိုက်တယ်။ ရွှေ့ဆိုင်းလိုက်တော့ စာမေးပွဲဖြေတဲ့ ကျောင်းသားတွေမှာ ပြဿနာတက်ကြတယ်။ တစ်နှစ်လုံး စာကြိုးစားလာခဲ့တဲ့ ကလေးတွေက စာမေးပွဲကိုဖျက်လိုက်တဲ့အခါမှာ သူတို့မကျေနပ်လို့ ဆန္ဒပြတာ ရှိတယ်။ ဘာကြောင့် စာမေးပွဲရွှေ့လည်းဆိုရင် မေးခွန်းပေါက်တဲ့အတွက်ကြောင့် ရွှေ့လိုက်တာ။ မေးခွန်းမတရားနည်းနဲ့ ရလိုက်တဲ့ လူတွေကျတော့၊ ပိုက်ဆံပေးပြီး ယူထားတဲ့ မေးခွန်းရတဲ့လူတွေကလည်း သူတို့ ပိုက်ဆံအကုန်အကျခံပြီးတော့ စာမေးပွဲဖြေတဲ့အချိန်မှာ စာမေးပွဲ ပယ်ဖျက်ခြင်းခံလိုက်ရတဲ့အတွက်ကြောင့် မကျေနပ်ဘူး။ အဲ့တော့ ရိုးရိုးသားသား ဖြေတဲ့သူကလည်း မကျေနပ်ဘူး။ မရိုးမသားနဲ့ လုပ်ပြီးယူတဲ့လူကလည်း မကျေနပ်ဘူး။ အစိုးရကို ဆန္ဒပြလို့ ရဲကနှိမ်နှင်းတဲ့အခါမှာ ကျောင်းသားတစ်ယောက်သေသွားခဲ့ဖူးတဲ့ ဖြစ်စဉ်ရှိတယ်။ ဒီဖြစ်စဉ်လည်း ဒီလိုပဲ ရိုးရိုးသားသား ဖြေတဲ့ထောက်ခံတဲ့သူတွေကလည်း သူတို့ ရိုးရိုးသားဖြေတဲ့ ‌ထောက်ခံတဲ့ဟာတွေကို ကျွန်တော်တို့က ဒါတွေမဟုတ်ဘူးဆို ပြီးတော့ မမှန်ဘူးလို့ပြောတဲ့အချိန်မှာ သူတို့မကျေနပ်လို့ ဆန္ဒပြတာလည်းရှိလိမ့် မယ်။ မရိုးမသားလုပ်တဲ့သူတွေကလည်း မရိုးမသား လုပ်တာတွေကို မဟုတ်ဘူးလို့ ပြောတဲ့အချိန်မှာ သက်မပြနိုင်ရင် သူတို့တရားစွဲခံရမယ်။ ဒါကိုပျောက်အောင်ဆိုပြီး ဆန္ဒပြတဲ့ ဖြစ်စဉ်မျိုးတွေဖြစ်တယ်။ ဒါကြောင့် ဒါဟာ အင်အား အင်မတန်ကြီးမား လာတာဖြစ်ပါတယ်။

မေး။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောသလိုပါပဲ။ ဆန္ဒပြတဲ့သူထဲမှာ နှစ်ပိုင်းခွဲပြီး မြင်ရမယ်လို့ မိမိအနေနဲ့ မျက်လုံးထဲပေါ်ပါတယ်။ တစ်ခုကတော့ သူတို့ ရိုးရိုးသားသားနဲ့ မဲပေးပြီးတော့ ဒီလိုဖြစ်ရပ်ဖြစ်သွားတာကို မကျေနပ်လို့ ဆန္ဒပြတဲ့ လူရှိသလို တစ်ချို့ကတော့ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ပေမယ့် မအောင်မြင်လို့ ဆန္ဒပြတာ ဒီလိုပဲ နားလည်တယ်လို့ ပြန်ပြောလိုပါတယ်။

ဖြေ။ ။ ဟုတ်ပါတယ်၊ အဲ့ဒီအတိုင်းပါပဲ။

မေး။ ။ ကျွန်မတို့သတိပြုမိတာက ဒီနိုင်ငံရေးဖြစ်စဉ်မှာ မီဒီယာတွေပြောကြားမှု အရတော့ သေဆုံးရသူပေါင်း ၇၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီအတွက် ဘယ်လိုအဖွဲ့အစည်းအနေနဲ့ တာဝန်ရှိပါသလဲ၊ နောင်ရော ဒီလိုမျိုးသေကြေမှုတွေ ကို ရှောင်ရှားနိုင်ဖို့အတွက် ဘယ်လိုများ ဆောင်ရွက်သွားမယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ ၇၀၀ ကျော်လို့ ပြောတယ်၊ သူတို့ပြောတဲ့စာရင်းက ဘယ်ဟာကို အထောက်အထားယူပြီးတော့ အတည်ပြုပြီးပြောသလဲ ပြန်ပြီးမေးလို့ရပါတယ်။ ခင်ဗျားတို့ကလည်း ဒီ ၇၀၀ ကို ဘယ်လိုမျိုးအတည်ပြုလို့ ရမလဲ။ ကျွန်တော်တို့ လုံးဝအတည်ပြုလို့မရဘူး။ တကယ်သေတာကတော့ ၃၀၀ နီးပါးလောက်တော့ရှိ ပါတယ်။ အားလုံးလည်းကြေညာထားပါတယ်။ အကြမ်းဖက်လို့ သေတာတွေရှိပါ တယ်။ အကြမ်းဖက်မှာလည်း စတဲ့အချိန်တုန်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာ ရှိတယ်။ ဒါကို ကျွန်တော်တို့ ဘာမှပြန်မလုပ်ဘူး။ ဘေးကနေပဲ ကြည့်နေတယ်။ အဲဒီကနေ လူစုလူဝေးနဲ့ ဆန္ဒပြတာတွေ ဖြစ်လာတယ်။ နည်းနည်း Riot အဆင့်ကို ပြောင်းလာတယ်။ အဲ့ကနေ အကြမ်းဖက်တဲ့ အဆင့်ကို ပြောင်းလာတယ်။ Anarchy Mob လို့ဖြစ်လာကြတယ်။ အဲ့ဒီကနေ ဘာဖြစ်လာလည်းဆိုတော့ လက်နက်နဲ့ တိုက်ခိုက်လာတယ်။ အဲဒီတော့ Terrorism အဆင့်ကို ရောက်လာတယ်။ အဲဒီတော့ လက်နက်နဲ့ တိုက်လာတဲ့လူ၊ အကြမ်းဖက်ဆူပူဆန္ဒပြမှုနဲ့ဖြစ်လာတယ်ဆိုရင် ရဲက ဒီအတိုင်းတော့ ကြည့်နေလို့မရတော့ဘူး လိုအပ်တဲ့တုန့်ပြန်မှုတော့ လုပ်ရမယ်။ လိုအပ်တဲ့တုန့်ပြန်မှု လုပ်တဲ့အခါကျတော့ ထိခိုက်သေဆုံးမှုတော့ ရှိမှာပါ။ ရဲမှာ လည်း သေတဲ့သူတွေ အများကြီးရှိတယ်။ ရဲမှာလည်း ၄၇ ယောက်သေခဲ့တယ်။ ၂၀၀ ကျော် ဒဏ်ရာရ တယ်။ ဒီလူစုလူဝေးတွေ၊ ဆူပူဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေကို တုန့်ပြန်ရင်း ရဲတွေသေသွားတယ်။ ရဲတွေအသက်ပေးပြီး ကာကွယ်တာကျတော့ ဘာမှမပြောဘဲ စာရင်းမရှိ အင်းမရှိပြောကြတဲ့ ၇၀၀ လောက်သေတဲ့ ကိစ္စကို မီဒီယာတွေက ထည့်ပြောတာက မျှတမှုမရှိဘူးလို့ပြောလိုတယ်။ ပြောချင်တာက ဒီအကြမ်းဖက်မှုနဲ့ကိစ္စနဲ့ပြောရရင် လူသေဆုံးမှု မဖြစ်အောင်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဖက်ကလည်း အကြမ်းဖက်မှု မလုပ်ဖို့တော့လိုတယ်။ ဥပမာ- အကြမ်းဖက်မှုလုပ်ရင် အကြမ်းဖက်မှုနဲ့ လျော်ညီတဲ့ တုန့်ပြန်မှု၊ ထိန်းသိမ်းမှုတော့ ရှိမှာပေါ့။ တစ်ဖက်က အကြမ်းဖက်မှု မလုပ်ဘူး၊ ဗုံးတွေမခွဲဘူး၊ မီးတွေမရှို့ဘူး၊ လူ အန္တရာယ်မပြုဘူးဆိုရင် ကျွန်တော်တို့ ဒီဖက်ကလည်း ထိန်းသိမ်းတဲ့အဖွဲ့တွေက လည်း ဥပဒေနဲ့အညီ ထိန်းသိမ်းတဲ့အခါမှာလည်း ဘယ်လိုမှ လွန်လွန် ကျူးကျူး လုပ်စရာ အကြောင်းမရှိဘူး၊ တုန့်ပြန်စရာအကြောင်းမရှိဘူး။ တစ်ဖက်ကလည်း ဒါတွေ မလုပ်ဖို့လည်း လိုပါတယ်။ ဒါဆိုရင်သေဆုံးမှုတွေက ရှေ့ဆက်ဖြစ် လာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ပြောချင်တယ်။

မေး။ ။ ဒါ့အပြင် မေးခွန်းမေးချင်တာတော့ ထိန်းသိမ်းထားတဲ့သူ အားလုံး ပေါင်းက ၃၀၀၀ ကျော်တာတွေ့ရပါတယ်။ တစ်ချို့ကျတော့ အရင်တုန်းက အမတ်ဟောင်းတွေ၊ နိုင်ငံရေးသမားဟောင်းတွေပါတယ်။ တစ်ချို့ကျတော့လည်း အနုပညာရှင်တို့၊ သာမာန်ပြည်သူတွေပါပါတယ်။ အဲ့ဒီသူတွေအတွက်ကော ရေရှည် ဘယ်လိုများ စဉ်းစားမှု၊ ဘယ်လိုများ ကိုင်တွယ်မှုရှိနိုင်မလဲ သိလိုပါတယ်။

ဖြေ။ ။ ကျွန်တော်က နည်းနည်း ခွဲတော့ ခွဲခြားထားတယ်။ ဒီမိုကရေစီမှာတော့ အစိုးရတစ်ရပ်ကို မကျေနပ်ရင် ဆန္ဒပြရမှာတော့ သူ့သဘာဝပဲ။ ရိုးရိုးဆန္ဒပြတာ တော့ ကျွန်တော် ဘာမှပြောစရာအကြောင်းမရှိဘူး။ သို့သော် ဆူပူမှုဖြစ်လာအောင်၊ အကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်တာကျတော့ ရာဇဝတ်မှု၊ ပြစ်မှုများလာတယ်၊ ပြစ်မှုကျူးလွန်လာတယ်။ ဒါကျတော့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ရမှာပေါ့။ ကျွန် တော် အရေးယူမှုကလည်း နှစ်ပိုင်းခွဲထားတယ်။ သာမန်လေး လှုံ့ဆော်တာတို့၊ ဝန် ထမ်းဆိုလည်း သတိပေးတာလောက် လုပ်ပါတယ်။ ဒါမှမဟုတ် သာမန်ပြည်သူထဲ ကဆိုရင် ဆိုဆုံးမမှုတွေပြုလုပ်တယ်။ သူတို့ရဲ့ ပြစ်မှုကျူးလွန်မှု အပေါ်မူတည်ပြီး ဥပဒေအရ အရေးယူတာတွေရှိတယ်။ တိုင်းပြည်ကို ထိန်းသိမ်းလို့ မရအောင် ဆူပူ ဆန္ဒပြမှုတွေဖြစ်လာအောင် လှုံ့ဆော်တာကို ကျွန်တော်တို့က ဒီအတိုင်းတော့ ခွင့် လွှတ်လို့တော့မရဘူး။ အတိုင်းအတာတစ်ခုတော့ အရေးယူရမှာရှိတယ်။ သို့သော် အရမ်းကာရော တစ်ဖက်သတ်ကြီး ကြောက်သွားအောင် လုပ်တာမျိုးတော့ ကျွန်တော်တို့ မလုပ်ပါဘူး။ ထိန်းထိန်းသိမ်းသိမ်း လုပ်တာကို ပြောလိုပါတယ်။ အခုချိန်က ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလ ဖြစ်တယ်။ ကျွန်တော်တို့က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်လို့ ကန့်သတ်ချက်အများကြီး ပေးထားပါတယ်။ လူ ဘယ်နှစ်ယောက်ထက်ပိုပြီးမစုရဘူး။ တစ်ယောက်နှင့် တစ်ယောက် ဘယ်လောက် အကွာအဝေးမှာ ရှိရမယ်။ Social distancing စနစ်နဲ့ ပေးထားတယ်။ ဒါတွေ အ ကုန်လုံးချိုးဖောက်နေတယ်။ ဒါတွေ ချိုးဖောက်တဲ့ အချိန်မှာ သည်းခံနေရတယ်။ ဒီလိုချိုးဖောက်တာတွေကို အရေးယူမည်ဆိုလျှင် အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူး။

မေး။ ။ မြန်မာနိုင်ငံမှာ ကြိုးမဲ့အင်တာနက်တို့၊ မိုဘိုင်းစနစ်တွေ ဖြတ်တောက်ခဲ့ တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေဘယ်လိုများ ရှိနေပါသလဲ၊ ပုံမှန်အနေ အထားကို ရောက်နေပြီလို့ပြောနိုင်ပါသလား။

ဖြေ။ ။ စဖြစ်တဲ့အချိန်မှာ Social media ကနေပြီး သတင်းမှားများကို ဖြန့် တယ်။ ဒါတွေကို ကျွန်တော်တို့ ထိန်းဖို့အတွက် Media ဖြတ်ခဲ့တာရှိပါတယ်။ Media က ပြည်သူ့အတွက် ဖြစ်ရမယ်လို့ ကျွန်တော်တို့ခံယူထားတယ်။ ကျွန်တော့်၏ ခံယူချက် တစ်ခုကိုပြောရရင် ပြည်သူရယ်၊ အစိုးရရယ်၊ လွှတ်တော်က မဏ္ဍိုင်သုံးရပ်ရှိတယ်။ ဒါကိုထိန်းတာက Media ကထိန်းပေးတယ်။ ဒါကြောင့် မီဒီယာကို ကျွန်တော်က စတုတ္ထမဏ္ဍိုင်လို့ အမြဲသတ်မှတ်တယ်။ မီဒီယာနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် ပေးထားပါတယ်။ သို့သော် မီဒီယာက တလွှဲ လုပ်လာရင်တော့ တိုင်းပြည်အတွက် တော်တော်လေးကိုပြင်းထန်တဲ့ သက်ရောက်မှု တွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က မီဒီယာကိုထိန်းလိုက်တာဖြစ်တယ်။ မီဒီယာ ကိုထိန်းဖို့အတွက် အင်တာနက်ကို ကျွန်တော်ရအောင်ထိန်းလိုက်တာဖြစ်တယ်။ ခင်ဗျားတို့လည်း အင်တာနက်မှာ အများကြီးအတွေ့ အကြုံရှိပါတယ်။ Facebook ပေါ်မှာ မဟုတ်တဲ့သတင်းတွေ လူမှုကွန်ယက်ပေါ်မှာ အများကြီးလှုံ့ဆော်မှုတွေ အများကြီး တွေ့ရတယ်။ ခုနကပြောတဲ့ အရေးယူမှု ဖြစ်စဉ်တွေအပေါ်မှာ Facebook ကနေပြီးတော့ မဟုတ်တဲ့ဝါဒဖြန့်ဝေတဲ့လူတွေကို အရေးယူတဲ့လူတွေအများကြီး ရှိတယ်။ အခု အခြေအနေက တည်ငြိမ်တဲ့ အခြေအနေဖြစ်လာတဲ့ အတွက်ကြောင့် တချို့ လိုက်လျောမှုတွေလည်း အများကြီး ဖြေလျော့ပေးတာဖြစ်ပြီး ပုံမှန်နီးပါး လောက် ဖြစ်နေပြီလို့ ပြောချင်ပါတယ်။

မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ပဲ ပြောပြော တပ်မတော်က တာဝန်ယူထိန်းသိမ်းထားတယ်လို့ပဲပြောပြော အခုလို အာဏာထိန်း သိမ်းထားမှု အခြေအနေဘယ်လောက်ထိကြာမြင့်နိုင်မယ်လို့ မှန်းဆပါသလဲ။

ဖြေ။ ။ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ပြောရရင်တော့ အရေးပေါ် အခြေအနေက တစ်နှစ်ပဲလုပ်လို့ရတယ်။ တစ်ကယ်လို့အရေးပေါ်အခြေအနေအတွင်းမှာ တာဝန် မ ပြီးဆုံးသေးဘူး ဆိုရင် သမ္မတ(သို့မဟုတ်) ယာယီသမ္မတကနေ ခြောက်လတစ်ကြိမ်၊ခြောက်လ တစ်ကြိမ်။ နှစ်ကြိမ်ခွင့်ပြုပေးတယ်။ နှစ်နှစ်ထက်ပိုပြီးလုပ်လို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့သည် အများဆုံးက နှစ်နှစ်ပဲ ဖြစ်ပါတယ်။ နှစ်နှစ် ထက် ပိုလုပ်လို့ မရပါဘူး။

မေး။ ။ အကယ်၍ ဒီကြားထဲမှာ ထောက်ခံလာသူတွေက တိုးတက်လာတယ်၊ အခြေအနေက တည်ငြိမ်လာတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ တခြား ပြောင်းလဲချင်တဲ့အခြေအနေများ စဉ်းစားထားမှု ရှိပါသလား။

ဖြေ။ ။ ကျွန်တော်တို့တပ်မတော်က လက်ခံထားတာသည် ပါတီစုံဒီမိုကရေစီ စနစ်နှင့် ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုသွားဖို့ပါ။ ဒီစနစ်ကိုသွားနိုင်ဖို့ အတွက် စိတ်ချရတဲ့အခြေအနေရှိတယ်ဆိုရင် ကျွန်တော်တို့လုပ်မှာပါ။ တစ်ကယ်လို့ တစ်နှစ်အတွင်းမှာရသွားရင် တစ်နှစ်အတွင်းပေါ့၊ နောက်ထပ်ခြောက်လတိုးပြီး ခြောက်လအတွင်းမှ ရရင်လည်း ရပေါ့။ ဒါပေမယ့် လက်ရှိအခြေအနေအရဆိုရင် တစ်နှစ်အတွင်းမှာပြင်းပြင်းထန်ထန် လုပ်ရမယ့်အနေအထားရှိတယ်။ နောက်ထပ် ခြောက်လတော့ ကျွန်တော်မပြောနိုင်ဘူး။ ပြည်သူလူထုရဲ့ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးပါတီတွေရဲ့ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာရဲ့ နားလည်ပူးပေါင်းဆောင် ရွက်မှုအပေါ်မှာလည်း တည်လိမ့်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။

မေး။ ။ အကယ်၍ နှစ်နှစ် ပြီးမြောက်သွားရင်ရော ဗိုလ်ချုပ်မှူးကြီး စဉ်းစား ထားတာမျိုး ရှိသေးလား။ ဒါမှမဟုတ် တခြားအစီအစဉ်များ ရှိပါသလား။

ဖြေ။ ။ ကျွန်တော်ကတော့ တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးဖို့၊ တိုင်းပြည် ကို ဒီမိုကရေစီစနစ်အရ မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်ဖို့ပဲ။ ကျွန်တော့်ရဲ့ လိုလားချက်ကတော့ ရိုးသားတဲ့ နိုင်ငံရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျွန်တော်လိုချင်တယ်။ ဒါက ကျွန်တော်ရွေးတာ မဟုတ်ဘူး။ ပြည်သူ က ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ့နော်။ ပြည်သူကနေ ၁၉၈၈ ခုနှစ် အရေး အခင်းဖြစ်တဲ့အချိန်မှာ ပါတီစုံလမ်းကြောင်းကို သွားမယ်ဆိုပြီး ရွေးချယ်တဲ့ အတွက် ကြောင့် တပ်မတော်က ဒီလမ်းကြောင်းအပေါ်မှာ ရောက်အောင် တင်ပေးထားခဲ့တာ။ ပြည်သူတွေ ရွေးချယ်တဲ့အတွက်ကြောင့် ကျွန်တော် ဖျက်လို့မရဘူး။ ပြည်သူရဲ့ ဆန္ဒအတိုင်းပဲဖြစ်ရမယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံ ဉပဒေကို ကျွန်တော် မဖျက်ဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေအတိုင်းပဲ ကျွန်တော် သွားခြင်းဖြစ်ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ရွေးချယ်တဲ့ လမ်းကြောင်းမှာ ကျွန်တော်တို့ ရပ်တည်တယ်ဆိုတာကိုလည်း ခင်ဗျား သတိပြု နိုင်ပါတယ်။

မေး။ ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာရော Constitution ကို ပြောင်းမယ့်အပိုင်း မှာရော စဉ်းစားထားတာမျိုး ရှိပါသလား။ ပြင်ဆင်ဖို့ ရှိပါသလား။

ဖြေ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက Constitution ပြင်ဖို့ လိုတဲ့အချက်တွေ ပြင်ဖို့ကြိုးစားခဲ့တယ်ဗျ။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ အထိလည်း ပြင်ခဲ့တယ်။ အချက်တွေ တော်တော်များများလည်း ပြင်ပေးနိုင်ခဲ့တယ်။ တစ်ချို့က လည်း referendum လုပ်ရမယ့်ကိစ္စတွေဖြစ်တယ်။ referendum မလုပ်နိုင်သေးလို့ အတည်မပြုရသေးတာတွေ ရှိတာပေါ့။ ကျွန်တော်တို့ အရမ်းပြင်လို့မရပါဘူး။ အခြေခံဉပဒေထဲမှာ အခန်း (၁၂)မှာ ဖွဲ့စည်းပုံအခြေခံဉပဒေကို ဘယ်လိုပြင်ရမလဲ ဆိုတာ သူ့ရဲ့ပြဌာန်းချက်တွေရှိတယ်။ ဒီအတိုင်းပဲ သွားလို့ရတယ်။ အဲ့ဒါတွေက လွှတ်တော်လမ်းကြောင်းကနေပဲ သွားလို့ရတယ်။ လွှတ်တော်လမ်းကြောင်းမှာပဲ သွားလို့ရတဲ့အတွက်ကြောင့် ကျွန်တော်က သွားပြင်လို့ မရဘူး။ ရွေးကောက်ပွဲပြီးမှပဲ ဒီဟာကို ပြင်ရမယ့်သဘောကိုတော့ အခြေခံဉပဒေအရ ပြဌာန်းထားတယ်ဆိုတာ လေးကိုတော့ နားလည်စေချင်တယ်။

မေး။ အကယ်၍ ဒီဟာအားလုံး ရွေးကောက်ပွဲပြီးသွားမယ်၊ ပြီးတော့ လွှတ်တော် နောက် တစ်ရပ်ပေါ်လာလို့ အခြေခံဉပဒေကိုပြင်ဆင်လိုတဲ့ သူတို့ဆန္ဒတွေပေါ် လာရင်ရော တပ်မတော်ရဲ့ ရပ်တည်ချက်အနေအထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ပြည်သူရဲ့ဆန္ဒအတိုင်းပဲ ပြင်ဖို့ရှိတဲ့အချက်တွေ ကျွန်တော်တို့ ပြင်မယ်။ ပြင်ဖို့လိုတဲ့အချက်တွေလည်း ကျွန်တော်တွေ့တယ်။

မေး။ တပ်မတော်က နိုင်ငံအတွက် အရေးကြီးတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲ့ဒီတော့ အခုလက်ရှိ မြန်မာပြည်ရဲ့အခြေအနေနဲ့ပြောရင် နိုင်ငံတော် ကာကွယ်ရေး က နံပါတ်(၁)လို့ ပြောနိုင်ပါသလား။ ဒါမှမဟုတ် အခြေခံဉပဒေကို ကာကွယ်ဖို့က နံပါတ် (၁)လို့ ပြောနိုင်ပါသလား။ ဘယ်ဟာက ပိုအရေးကြီးပါသလဲ။ အခု မေးချင်တဲ့ မေးခွန်းကတော့ အဓိကကတော့ နိုင်ငံတော်ကို ကာကွယ်မယ်၊ ပြည်သူကို ကာကွယ် မယ် ဆိုတဲ့ မူရင်းတာဝန်အပြင်ကို အခြေခံဉပဒေကို ထိန်းသိမ်းမယ်ဆိုတဲ့ တာဝန် လည်းရှိပါတယ်။ ဘယ်ဟာက ပိုပြီး အရေးကြီးတယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ နိုင်ငံရေးအရပြောရမယ်ဆိုရင်တော့ အခြေခံဉပဒေကို ကာကွယ်ရေးက ပိုပြီးအရေးကြီးတာပေါ့။ နိုင်ငံနဲ့ပြောမယ်ဆိုရင်တော့ နိုင်ငံတော်ကာကွယ်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ပြောရမယ်။

မေး။ ။ အခု NLD ဘက်ကလည်း အမျိုးသားစည်းရုံးရေး အစိုးရအနေနဲ့ ဖွဲ့စည်း တာတွေလည်းရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဖွဲ့စည်းမယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ကြားနေရပါတယ်။ အဲ့ဒီတော့ နိုင်ငံရဲ့ တရားဝင် တပ်မတော်အနေနဲ့ ဘယ်လိုထင်မြင်ယူဆချက်ရှိပါသလဲ။

ဖြေ။ ။ သူတို့ကတော့ တကယ်တမ်းပြောရရင်တော့ မတရားအသင်းပါပဲ။ မတရားအသင်းကြေညာထားတယ်။ အကြမ်းဖက်အဖွဲ့လို့လည်း ကြေညာထားတယ်။ ပထမတော့ နိုင်ငံရေးအရ လုပ်လာတဲ့အခါမှာ မတရားအသင်းလို့ ကြေညာတယ်။ နောက်တော့ လက်နက်ကိုင်ပြီးတော့ ဆန့်ကျင်တာတွေဖြစ်လာတဲ့အတွက်ကြောင့်၊ အဖျက်လုပ်ငန်းတွေ ပါလာတဲ့အတွက်ကြောင့် အကြမ်းဖက်အဖွဲ့လို့ ကြေညာ ထားတယ်။ နိုင်ငံတကာမှာ မတရားအသင်းကြေညာထားတယ်၊ အကြမ်းဖက်အဖွဲ့ လို့ ကြေညာထားတယ်ဆိုရင် လုံးဝ အသိအမှတ်ပြုလို့မရပါဘူး။ ကျွန်တော်တို့က သူတို့ကိုလည်း လုံးဝအသိအမှတ်မပြုပါဘူး။ သူတို့က လေထဲမှာလုပ်နေတဲ့ အဖွဲ့ တွေပဲ ဖြစ်ပါတယ်။

မေး။ ။ ဒီလိုမျိုးဖြစ်နေတဲ့အတွက် ပြည်တွင်းစစ်ပုံစံမျိုးတွေရော ဖြစ်ပေါ်လာ နိုင်တဲ့ အနေအထားမျိုးတွေ ရောက်လာနိုင်ပါသလား။ ဘယ်လိုများထင်မြင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ မြန်မာ ပြည်တွင်းရဲ့အခြေအနေဟာ နယ်စပ်ဒေသနဲ့ နယ်အချို့မှာပဲ ပဋိပက္ခဖြစ်တာပဲ ရှိတာ။ အားလုံးတည်ငြိမ်အေးချမ်းလျက်ရှိတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခဖြစ်လာတာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ဖြစ်လာ တယ်။ အဲ့ဒီကနေပြီးတော့ လက်ရှိ ၂၀၁၁ ခုနှစ်မှာ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တင်နိုင်ခဲ့ပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးတွေလည်း ကျွန်တော်တို့ ယူခဲ့ပြီးဖြစ်တယ်။ ငြိမ်းချမ်းရေးလည်း ၂၀၁၂ ခုနှစ်မှာ ဆွေးနွေးပြီးတော့ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ခဲ့ပြီးဖြစ် တယ်။ အဲ့ဒီအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခပဲဖြစ်တယ်။ ပြည်တွင်း စစ်မဖြစ်ခဲ့ဘူး။ အခုက အဲ့ဒီအခြေအနေတွေထက် အများကြီးကောင်းပါတယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်ဆိုတာတော့ ရှိတော့ရှိမယ်။ ဘာလို့လဲ ဆိုတော့ EAOsတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေသေးတာ ကိုး။ သူတို့ နယ်စပ်ဒေသမှာ အများကြီးရှိနေသေးတယ်။ ဒါကြောင့် ပြဿနာတော့ ရှိကောင်းရှိနိုင်သေးတယ်။ ပြည်တွင်းစစ်ဖြစ်လောက်တဲ့ အခြေအနေမျိုးတော့ လုံးဝ မဖြစ်နိုင်ဘူး။

မေး။ ။ အဲ့ဒီတော့ အခု သူတို့ပြန်ပြီးတော့ အသစ်ဖွဲ့ထားတယ်ဆိုတဲ့ဟာတွေ လည်း ရှိကြပါတယ်။ အဲ့ဒီသူတွေဆီကို ရောက်နေတဲ့ အထောက်အကူပြုပစ္စည်းတွေ၊ နောက်ပြီး သူတို့ဆီမှာ ရောက်နေတဲ့လက်နက်တွေ အဲ့ဒီအရင်းအမြစ်ကိုရော ဘယ်လိုများ မှန်းဆနိုင်ပါသလဲ။

ဖြေ။ ။ သူတို့တကယ် တိုက်ပွဲဝင်နေသည့်လက်နက်တွေကတော့နယ်စပ်မှာ ရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆီက ရနိုင်တာလည်း ရှိတယ်။ ဝယ်လို့ရတာလည်းရှိတယ်။ နိုင်ငံတကာမှာလည်း လက်နက်တွေ အများကြီး ဝယ်လို့ ရတာ မှောင်ခိုဝယ်လို့ရတာအများကြီးရှိတယ်။ ကိုယ်ကိုယ်တိုင်လုပ်လို့ရတဲ့ လုပ် သေနတ်တွေ ရှိတယ်။ ဒါတွေကြောင့် ရတယ်လို့ကျွန်တော်ယူဆပါတယ်။ လက်နက် တွေ ဝယ်လို့ရတာတော့အမှန်ပဲ။

မေး။ ။ နောက်ထပ်မေးချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို သိချင်ပါတယ်ခင်ဗျ။ နောက်ပြီးသူ့အနေနဲ့ကကော အခြားအပြင်ထွက်ပြီး တရား ရင်ဆိုင်တာတို့ အခြားအပြင်ထွက်လာနိုင်တဲ့အခြေအနေမျိုးတွေ ရှိလားဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းပါတယ်။ သူရဲ့အိမ်မှာပဲ စနစ်တကျရှိပါတယ်။ ကျန်းကျန်းမာမာလည်းရှိပါတယ်။ မကြာခင်ရက်ပိုင်းတွင်း တရားရုံးမှာပဲ သူတို့တရားဥပဒေအရ ရင်ဆိုင်ဖို့ရှိပါတယ်။ ရက်ပိုင်းတွင်းမှ သူထွက် လာဖို့ရှိပါတယ်။ (ထွက်လာခဲ့ပြီးဖြစ်သည်။ အင်တာဗျုးဖြေထားချိန်သည် မေလ ၂၄ ရက်ထက် စောခဲ့သည်။)

မေး။ ။ သူရဲ့တရားခံဖက်ကရှေ့နေရော သူနဲ့တွေ့ခွင့်ရှိပါသလား။

ဖြေ။ ။ ရှိပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်တွင်း သာမက ပြည်ပမှာ လည်းထောက်ခံသူတွေရှိပါတယ်။ နောက်သူက နိုဗယ်ဆုရှင်တစ်ယောက်လည်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်၍သော် လည်း ကောင်း၊ သူရဲ့နိုင်ငံခြားဆက်ဆံရေးဆောင်ရွက်ခဲ့တဲ့ အနေအထားပေါ်မှာ ဗိုလ်ချုပ် မှူးကြီး အနေနဲ့ ဘယ်လိုများမှတ်ချက်ပြုလိုပါသလဲ။

ဖြေ။ ။ သူလည်းသူရဲ့အသက်အရွယ်၊ သူ့ရဲ့အတွေ့အကြုံ၊ တတ်စွမ်းသမျှ လုပ်တယ်လို့ပဲကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်တို့တာဝန်ယူပြီး လေးလ လောက်ရှိပါပြီ။ ကျွန်တော်တို့ပြီးခဲ့သည့်အစိုးရလုပ်ဆောင်ချက်တွေကို အကုန်လုံး ဆန်းစစ်ကြည့်လိုက်ရင်တော့ ခုနကကျွန်တော် ပြောတဲ့အတိုင်းပဲ သူ့ရဲ့အတွေအကြုံ၊ သူရဲ့အသက်အရွယ်အရ သူတတ်စွမ်းသမျှ၊ တတ်နိုင်သမျှ သူလုပ်ခဲ့တယ် ဆိုတာ ကိုကျွန်တော် တွေ့ပါတယ်။

မေး။ ။ သူကငြိမ်းချမ်းရေးကိုတကယ်လုပ်နိုင်ခဲ့သလား။ မလုပ်နိုင်ခဲ့ဘူးလား။

ဖြေ။ ။ ခုနကကျွန်တော် ပြောသလိုပဲ။ သူရဲ့အတွေ့အကြုံ၊ သူတတ်စွမ်းသမျှ တတ်နိုင်သမျှ လုပ်ခဲ့တာကို ကျွန်တော်တွေ့ပါတယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြောချင်တာက သူတတ်နိုင်သမျှလုပ်ခဲ့တယ် လို့ပဲ ဆိုလိုတာပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။

မေး။ ။ အစိုးရအနေနဲ့ အာဆီယံအထူး အစည်းအဝေးကိုတက်ရောက်ခဲ့တယ်။ အာဆီယံရဲ့ဘုံသဘောတူညီချက်အချက် ငါးချက်ကိုလည်း ချမှတ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။အဓိက ကတော့ ပြဿနာတွေအဆုံးသတ်ဖို့ သက်ဆိုင်ရာ အဖွဲ့ အစည်း တွေကြားမှာ ဆွေးနွေးမှုတွေပေါ်ထွက်ဖို့၊ အာဆီယံရဲ့ အထူးကိုယ်စားလှယ် စေလွှတ်ဖို့နဲ့ သူနဲ့ဆွေးနွေးဖို့၊ အကူအညီပေးဖို့ဆိုတဲ့ ဒီအချက်တွေပါဝင်တယ် ဆိုတဲ့အကြောင်း သူတို့အနေနဲ့ လေ့လာသိရှိရပါတယ်။ အဲဒီတော့ ဒီအချက်ငါးချက် ကို လက်တွေ့တိတိကျကျအကောင်အထည်ဖော်ဖို့ အတွက် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီဟာကိုခက်ခဲတယ်လို့ယူဆနိုင်ပါသလား။

ဖြေ။ ။ တစ်ကယ်တော့ ခက်ခက်ခဲခဲလုပ်ရတာတော့ မရှိပါဘူး။ သို့သော် အခြေ အနေ အချိန်အခါပေါ်မှာတော့ ကြည့်ပြီးလုပ်ရမှာရှိတယ်။ ချက်ချင်းကြီး လုပ်ရမယ့် ကိစ္စ မဟုတ်ဘူး။ အချိန်ယူပြီးတော့မှ တိုင်းပြည်အခြေအနေ၊ အာဆီယံ၏ အခြေ အနေ၊ နိုင်ငံတကာရဲ့အခြေအနေကို မူတည်ပြီးပြောဆိုလုပ်ကိုင်တဲ့အခါ ဘာမှ ခက်ခဲ တာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်ပြောခဲ့တယ်။ သူတို့ ပြောတဲ့ အကြံပြုချက်များ က ကောင်းမွန်တဲ့အကြံပြုချက်များဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်ပျက်နေတဲ့အခြေအနေအပေါ်မှာအလေးထားစဉ်းစား ဆောင်ရွက် သွားမယ်လို့ ကျွန်တော်ပြောခဲ့တာရှိပါတယ်။ နိုင်ငံအတွင်းမှာ တည်ငြိမ် အေးချမ်းမှု ရှိဖို့လိုတယ်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုမရှိဘဲ ပြင်ပကနေ လာရောက်ပြီး ပြောဆို လုပ်ကိုင်လာရင် ကောင်းတာဖြစ်နိုင်သလို၊ မကောင်းတာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ကလည်း အခြေအနေအချိန်အခါပေါ်မှာမူတည်ပြီး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို မူတည်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ တာရှိပါတယ်။ အာဆီယံ Charters, အာဆီယံ Ways, အာဆီယံ spirits ဒီသုံးခု ရှိပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး လုပ်ဖို့လည်း လိုပါတယ်။ ဒီလိုမဟုတ်ဘဲ တခြား လမ်းကြောင်းရွေးပြီးလုပ်ရင်တော့ အခက်အခဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်က ပြန်ကြည့်ရင် ခက်ခဲတာမရှိပါဘူး။ နှစ်ဘက်လုံးကနေပြီး ဒီအပေါ်မှာ နားလည်မှုရှိရှိနဲ့ လုပ်မယ်ဆိုရင် လုပ်လို့ရတဲ့အပိုင်းတွေ ရှိပါတယ်။

မေး။ ။ ဆိုလိုချင်တာက ဒီငါးချက်ကိုလုပ်ဖို့အတွက် မြန်မာပြည်၏နိုင်ငံရေး အခြေအနေတည်ငြိမ်မှုက အရေးကြီးဆုံးလို့ ပြောချင်တာပါလား။

ဖြေ။ ။ မှန်ပါတယ်။

မေး။ ။ အခုလက်ရှိမြန်မာနိုင်ငံဖြစ်ပေါ်နေသည့်အခြေအနေကို ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ထိန်းချုပ်နိုင်မှုအောက်မှာ ရှိတယ်လို့ဆိုလိုချင်တာပါလား။

ဖြေ။ ။ ၁၀၀ ရာခိုင်နှုန်းထိန်းချုပ်နိုင်ပြီလို့ မပြောနိုင်ဘူး။ တစ်ချို့နေရာတွေမှာ အဖျက်လုပ်ငန်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။

မေး။ ။ အခုအနေအထားပြောရရင် တည်ငြိမ်မှုတစ်ရာရာခိုင်နှုန်းမရှိသေးဘူး ဆိုတဲ့အတွက် ဒီအချက်ငါးချက်ကို စပြီးအကောင်အထည်ဖော်ဖို့အတွက် အသင့် မဖြစ်သေးဘူးလို့ ဆိုနိုင်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။

မေး။ ။ အဲဒီတော့အခြားနိုင်ငံတွေ၏ ယူဆချက်တွေကို ဗိုလ်ချုပ်မှူးကြီးအနေ ဖြင့် ဘယ်လိုများထင်မြင်ချက်တွေရှိပါသလဲ။

ဖြေ။ ။ သူတို့လည်း သူတို့ဘက်ကအမြင်ပေါ့။ သူတို့နိုင်ငံဘက်က အမြင်၊ သူတို့ ကျင့်သုံးတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ အမြင်အမျိုးမျိုးရှိကြပါတယ်။ တစ်နိုင်ငံ နှင့် တစ်နိုင်ငံမတူကြပါဘူး။ အဓိကကတော့ သူတို့လိုချင်တာက ဒီမိုကရေစီ နည်းလမ်းတကျ အစိုးရတစ်ရပ်ကို ဖြစ်စေချင်တဲ့သဘောပါ။ ပထမဉီးဆုံး ခင်ဗျား ကျွန်တော်ကို စမေးတဲ့ အာဏာသိမ်းတဲ့ဖြစ်စဉ်ကိုမေးတဲ့အချိန်မှာ သူတို့အခြေခံ ဉပဒေကို နားမလည်ဘူးလို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒီလိုအခြေအနေပေါ်မှာ မူတည်ပြီး နိုင်ငံကြီးတွေရဲ့ အမြင်ကလည်း ဒီလိုဖြစ်နေတယ်လို့ ကျွန်တော်ပြောလိုပါ တယ်။

မေး။ ။ အကယ်၍ အာဆီယံပဲပြောရင် အာဆီယံက မြန်မာပြည်ကို ဖြစ်စေ ချင်တဲ့ဆန္ဒကရော ခုနကသဘောထဲမှာ ပါဝင်ပါသလား။

ဖြေ။ ။ ပါပါတယ်။ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို လိုချင်တယ်။ ပြည်သူပြည်သားတွေ စည်းစည်းလုံးလုံးရှိတာကို လိုချင်တယ်။ သူတို့ ခေါင်းဆောင်တွေပြောတဲ့စကားထဲမှာ ဒီလိုပဲ မြင်ပါတယ်။

မေး။ ။ အာဆီယံရဲ့ ငြိမ်းချမ်းမှုအဆိုပြုချက်များကို သဘောတူပါသလား။

ဖြေ။ ။ မူအားဖြင့် သဘောတူပါတယ်။ ကျွန်တော်က သဘောမတူစရာ အကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကိုမူတည်ပြီးတော့ ဆက်လက် ဆောင်ရွက်ဖို့ ကျွန်တော်ပြောခဲ့တာပါ။

မေး။ ။ နိုင်ငံတော်ကောင်စီဝင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ကလည်း မြန်မာပြည်ကိုထောက်ခံမှုသုံးခုနှင့် ရှောင်ရှားမှုအချက်သုံးချက်ကို အဆိုပြု အကြံပြုခဲ့တာ ရှိပါတယ်။ အဆွေတော်အနေနဲ့ ဘယ်လိုများ အမြင်ရှိပါသလဲ။

ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိပြောခဲ့တာကလည်း အပြုသဘော ဆောင်တဲ့ ဟာတွေဖြစ်ပါတယ်။ တကယ်လည်း ကောင်းမွန်တဲ့အချက်တွေ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒါတွေကို လက်ခံပါတယ်။ သဘာဝလည်းကျပါတယ်။ လက်တွေ့လည်း ကျပါတယ်။

မေး။ ။ တရုတ်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကိုလည်း သူတို့အနေနဲ့ တွေ့ရှိရပါတယ်။ အဆွေတော်အနေနဲ့ ဒီကုမ္ပဏီအပေါ်မှာ လုံခြုံမှု ကိစ္စကို ဘယ်လိုများ စီမံဆောင်ရွက်ပေးမလဲ၊ ဘယ်လိုများအလေးထားလဲ၊ ဘယ်လို များ အမြင်ရှိပါသလဲ၊ အဲဒါတွေကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဖြေ။ ။ တရုတ်နိုင်ငံက ကုမ္ပဏီရင်းနှီးမြှပ်နှံမှု အားလုံးပေါင်း လုပ်ငန်းပေါင်း ငါးရာကျော်လောက်ရှိပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ဒေါ်လာ ၂၁ ဘီလီယံကျော် လောက်ရှိပါတယ်။ ပြီးခဲ့သည့် ဖြစ်စဉ်ကာလမှာ တရုတ်လုပ်ငန်း စက်ရုံ၊ အလုပ်ရုံ ၁၃ ခု၊ ၁၄ ခု လောက်ပါတယ်။ အားလုံးပေါင်း မီးရှို့ခံရတာ ၂၁ ခုလောက် ရှိပါတယ်။ တရုတ်နိုင်ငံသားတွေနှင့် လုပ်နေတာ ၁၃ ခု၊ ၁၄ ခုလောက်ရှိပါတယ်။ တရုတ် နိုင်ငံတင်မဟုတ်ဘူး။ တခြားနိုင်ငံနဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ အများကြီးရှိပါတယ်။ တချို့လည်း ဖျက်ဆီးခံရတဲ့ အထဲမှာ ပါတာတွေလဲ ရှိတယ်။ ကျွန်တော်တို့ကတော့ ပြင်ပရင်းနှီးမြှပ်နှံမှုတွေ အကုန်လုံးကို ကာကွယ်ပေးထားပါ တယ်။ လက်ရှိကျွန်တော်ကိုယ်တိုင်လည်း သွားရောက်ကြည့်ရှုပြီးတော့မှ လိုအပ် တာတွေကို အမြန်ဆုံးပြန်ပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့ ကူညီဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ လိုအပ်တဲ့လုံခြုံမှုတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မေး။ ။ တချို့မြန်မာလူမျိုးတွေအနေနဲ့ တရုတ်ရင်းနှီးမြှပ်နှုံမှုမှာ အမြင်နည်း နည်း စောင်းနေတာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုများ မှတ်ချက်ပြုလိုပါ သလဲ။

ဖြေ။ ။ အဲဒါကတော့ နိုင်ငံရေးပါပါတယ်။ လှုံဆော်မှုကြောင့် ဖြစ်တယ်။ မြန်မာ နိုင်ငံမှာတရုတ်နိုင်ငံသားတင် မကဘူး။ တခြား နိုင်ငံသား ရင်းနှီးမြှပ်နှုံမှုတွေလည်း အများကြီးရှိပါတယ်။ အခုမှရှိတာမဟုတ်ဘူး။ ဟိုးအရင်လွတ်လပ်ရေးရကတည်းက တရုတ်နိုင်ငံသားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေရှိတယ်။ အိန္ဒိယနိုင်ငံသားတွေရဲ့ စီးပွားလုပ်ငန်းတွေ၊ မျိုးစုံရှိကြတယ်။ အရင်တုန်းက အိန္ဒိယရင်းနှီးမြုပ်နှံမှုတွေ လုပ် ထားတဲ့ စီးပွားရေးလုပ်ငန်းများမှာ အဓိကရုဏ်းတွေဖြစ်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ ဟိုအရင်တုန်းကလည်း ရှိခဲ့ဖူးတယ်။ ဒီဘက်မှာလဲ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေး လို့ပဲ ကျွန်တော်ကမြင်တယ်။ နိုင်ငံသားတွေက တရုတ်မုန်းတီးရေးလုပ်တာ မဟုတ် ဘူး။ နိုင်ငံရေးအရ မုန်းတီးအောင် လုပ်လာတဲ့ ကိစ္စရပ်တွေသာ ဖြစ်တယ်။ အခံမှာ တော့ ဘာမှမရှိဘူး။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက အခုမှရင်းနှီးမြုပ်နှံခြင်း မဟုတ် ဘဲ မြန်မာနိုင်ငံမှာ ရှိတဲ့မြန်မာနိုင်ငံသား/တရုတ်တွေရှိတယ်။ မြန်မာနိုင်ငံမှာ မွေးဖွား တဲ့တရုတ်တွေရှိတယ်။ မြန်မာနိုင်ငံသား/တရုတ်ရှိတယ်။ သူတို့ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတွေက ဟိုးအရင်ကတည်းက ရှိခဲ့တယ်။ အခုလည်း အများကြီးရှိတယ်။ သူတို့ ဘာမှမဖြစ်ပါဘူး။ လက်ရှိမှာ စီးပွားလုပ်ကိုင်နေကြတယ်။ နိုင်ငံရေးအရ လုပ်တာ ဖြစ်ပါတယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး ပြောတာကို နားလည်ပါတယ်။ နိုင်ငံရေးအရ လှုံဆော် တဲ့ဟာကို နည်းနည်း ပေါ်လွင်စေတဲ့အချက်ကို ပြောပြပေးလို့ရနိုင်မလား။

ဖြေ။ ။ လှုံဆော်တယ်ဆိုတာဟာ ဥပမာအားဖြင့် ဒီလူတွေရဲ့လုပ်ငန်းတွေကို ပျက်စီးအောင် လိုက်လုပ်တယ်။ တခြားလုပ်ငန်းတွေကို မလုပ်ဘူး။ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှု ၅၀၀ ကျော်လောက်ရှိတာကို ၅၀၀ ကျော်လုံးဖျက်ဆီးတာမဟုတ်ဘဲ ဆယ့်ဂဏန်းလောက်သာ ဖျက်ဆီးတာဖြစ်တယ်။ ဒါကိုကြည့်လိုက်လျှင် နိုင်ငံရေး အရ လုပ်တယ်လို့ ပြောလို့ရတယ်။ စီးပွားရေးအရ လုပ်ချင်လို့ရှိရင် အကုန်လုံးကို ရအောင် တိုက်မှာပေါ့။

မေး။ ။ အဲဒီတော့ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ တရုတ်စက်ရုံတွေအပေါ်မှာ လုပ် သွားတဲ့လုပ်ရပ်တွေက မြန်မာပြည်ထဲကလူတွေပဲလား။ အခြားသော ပြင်ပက ဆက် သွယ်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနိုင်လား။

ဖြေ။ ။ ခိုင်မာတဲ့သက်သေတော့ မပြနိုင်သေးပါဘူး။

မေး။ ။ နောင်အချိန်ကျရင်တော့ အပြင်ကနေ လှုံ့ဆော်မှုကြောင့် ဖြစ်တဲ့ အချက် အလက်တွေကို ထုတ်ပြန်နိုင်တဲ့အချိန်ကျရင် ထုတ်ပြန်ပေးနိုင်မလား။

ဖြေ။ ။ အသိပေးသင့်တဲ့ကိစ္စဆိုရင် ကျွန်တော်တို့ အသိပေးမှာပါ။ တကယ် တော့ အခုလုပ်တဲ့ကိစ္စကို ကြည့်လိုက်လျှင် တိုင်းပြည်စီးပွားပျက်အောင် လုပ်တာပါ။ တရုတ်နိုင်ငံသားစက်ရုံကို ဖျက်တာက တရုတ်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ့မှု နောက်ဆုတ်သွားလိမ့်မယ်။ ဒါကြောင့် နိုင်ငံရေးအရ လုပ်တာ ဖြစ်တယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့တချို့စက်ရုံတွေက တခြားနိုင်ငံကိုရွေ့ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းတွေကို အွန်လိုင်း က ဖြန့်နေကြတာ ရှိတယ်။ ဒါတွေက နိုင်ငံရေးပါ။

မေး။ ။ အခုထပ်မေးလိုတာကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလို့ ပြောနေတဲ့ ဒုက္ခသည်ကိစ္စပဲ ဖြစ်ပါတယ်။ အဲဒီမှာရှိတဲ့ မူဆလင်ဘာသာဝင်တွေ နိုင်ငံသား မရသေး တဲ့သူတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သူတို့ကို ဘယ်လိုများ သုံးနှုန်း ခေါ်ဆိုပါသလဲ။ သူတို့ကို သူတို့ကတော့ ရိုဟင်ဂျာလို့ ပြောနေတာ ရှိပါတယ်။ အဲဒီအပေါ်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့အမြင်လေးကို ပြောပြပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဖြေ။ ။ ပြောရရင် ရိုဟင်ဂျာဆိုတာ မရှိဘူး။ စိတ်ကူးယဉ်ပြီး ပြောတဲ့ နာမည် တစ်ခုပဲ။ တကယ်တော့ အရှေ့ဘင်္ဂလားနယ်ရဲ့စစ်တကောင်းဒေသ က လာတဲ့ သူတွေကို သူတို့ကိုသူတို့ ရိုဟင်ဂျာ လို့ ပြောနေကြတာ ဖြစ်တယ်။ ဘယ်ခေတ် အဆက်ဆက်မှ ရိုဟင်ဂျာလို့ မခေါ်ခဲ့ဘူး။ ကျွန်တော်တို့က အင်္ဂလိပ်ရဲ့ကိုလိုနီ လက်အောက်ရောက်ခဲ့ပါတယ်။ အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတယ်။ အဲဒီ တော့ အင်္ဂလိပ်တွေ‌ခေတ်က သန်းခေါင် စာရင်း ကောက်တယ်။ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ် ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာ ဘင်္ဂလီဆိုတဲ့စကား၊ စစ်တကောင်းသားဆိုတဲ့စကားတွေဘဲ တွေ့တယ်။ ရိုဟင်ဂျာလို့ မတွေ့ဘူး။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ကောက်ခဲ့တဲ့ စာရင်းမှ ဘင်္ဂလီဆိုတဲ့ စကားရယ်၊ ပါကစ္စတန်ဆိုတဲ့စကားရယ်၊ နောက်တစ်ခါ စစ်တကောင်းသားဆိုတဲ့စကားပဲ ကျွန်တော်တို့တွေ့တယ်။ ရိုဟင်ဂျာ ဆိုတာမရှိဘူး။ ရိုဟင်ဂျာဆိုတာကို ကျွန်တော် တို့ လက်လဲ လက်မခံဘူး။ မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသား တရားဝင်လက်ခံ ထားတာ ၁၃၅ မျိုး ရှိပါတယ်။ သို့သော်လည်း ဒါကတော့ နည်းနည်းအပြောင်းအလဲ ရှိနိုင် ပါတယ်။ ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာ မပါပါဘူး။ ဘင်္ဂလီလည်း မပါပါဘူး။ တရားဝင် တိုင်းရင်းသားလည်း မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့စိတ်ကူးနဲ့ ခေါ်ထားတဲ့ နာမည်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ဒါကို အသိအမှတ် မပြုပါဘူး။

မေး။ ။ မြန်မာအစိုးရတွေအနေနဲ့ ရိုဟင်ဂျာဆိုတာ တရားဝင် မရှိဘူး။ လက်ခံ ထားခြင်းလည်း မရှိဘူးလို့ သူတို့နားလည်လိုက်ပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ဘင်္ဂလီရှင်သန်နေထိုင်မှုအပေါ် စိတ်ဝင်စားမှု မြင့်မားတယ်။ သူတို့က ရိုဟင်ဂျာ လို့ ပြောကြတယ်။ ဒေသခံနဲ့ သူတို့ကြားမှာ ဖြစ်တဲ့ပြဿနာအရင်းအခံကိုရော အဆွေ တော်အနေနဲ့ ဘယ်လိုများ ထင်မြင်ယူဆချက် ရှိပါသလဲ။

ဖြေ။ ။ သူတို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေတဲ့သူတွေက သူတို့ ဘာသာ သူတို့နေတယ်။ နှစ်ပေါင်းများစွာလည်း ရှိနေပြီး ဘာမှပြဿနာမရှိဘူး။ အဲဒီဒေသမှာ ရှိတဲ့ ရခိုင်တွေလည်း ဘင်္ဂလီတွေနဲ့ အတူတူနေကြတယ်။ ဘာမှ ပြဿနာ မရှိဘူး။ ဘင်္ဂလီမှာလည်း နှစ်ပိုင်းရှိတယ်။ ဘင်္ဂလီ/ဟိန္နူ၊ ဘင်္ဂလီ/အစ္စလာမ် ဆိုပြီး နှစ်ပိုင်းရှိတယ်။ ကျွန်တော်တို့ မေးခဲ့ပြီး ဒီအရာတွေရှိတာကို တွေ့ခဲ့ပြီးပြီ။ ဒီလူတွေနဲ့နေကြတဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ အတူတူနေကြတာ ဘာမှ ပြဿနာမရှိပါဘူး။ ဒီအတိုင်းပဲ နေကြပါတယ်။ လှုံ့ဆော်လို့ ဖြစ်လာတဲ့ ပြဿနာ တွေကြောင့်သာ ဒေသမှာ ပဋိပက္ခတွေ ဖြစ်လာတာ။ နောက်တစ်ခုက နဂိုမူလ ကတည်းက ရောက်နေတဲ့သူတွေရှိတယ်။ သူတို့က စူးအက်တူးမြောင်း လုပ်တဲ့ အချိန်မှာ ဆန်စပါးဈေးတွေ ကောင်းလာတဲ့အခါ အရှေ့ဘင်္ဂလားမှာ ရှိတဲ့ဘင်္ဂလီ တွေကို မြန်မာနိုင်ငံကို ခေါ်ပြီးတော့ အင်္ဂလိပ်တွေက လယ်စိုက်ခိုင်းတယ်။ အဲဒီ အချိန်ကတည်းက မပြန်တော့ဘဲ သူတို့တွေက ကျန်ခဲ့တဲ့အတွက် အခုလို အခြေ အနေဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ များလာတဲ့လူတွေ ဖြစ်တယ်။ ဒီလူတွေ ရှိနေ တဲ့ အခြေအနေမှာလည်း အရင်ကတော့ ပဋိပက္ခတော့ ဖြစ်ခဲ့ဖူးတယ်။ သို့သော် လည်း နောက်ပိုင်းမှာ ပဋိပက္ခတွေမရှိဘဲ အေးအေးချမ်းချမ်းပဲနေကြတယ်။ အထိုက် အလျောက် ပဋိပက္ခတွေ ရှိတယ်။ သို့သော်လည်း တကယ်ကို ပြင်းပြင်းထန်ထန်နဲ့ ဖြစ်တဲ့ပြဿနာ မရှိဘူး။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တစ်ခုပဲရှိတယ်။ ၁၉၄၂ ခုနှစ်က အလယ်သံကျော် အရေးအခင်းဆိုတာ ဖြစ်ခဲ့တယ်။ ၁၉၄၂ ခုနှစ် အဖြစ်အပျက်က တော်တော်လေး ဆိုးပါတယ်။ ဒီနောက်ပိုင်းမှာ အဲဒီလောက်ဆိုးတဲ့ ဖြစ်စဉ်မျိုး မရှိခဲ့ပါဘူး။

မေး။ ။ အခုက အနောက်နိုင်ငံတွေက ဒီလူတွေကို နိုင်ငံသားအဖြစ် စဉ်းစား ပေးဖို့၊ နေရာချထားပေးဖို့ကို တစိုက်မတ်မတ် တောင်းဆိုနေတာ ရှိတယ်။ အကယ်၍ ဒီလူတွေကို လက်ခံမယ်ဆိုရင် လက်ခံဖို့ အစီအစဉ်ရော ရှိပါသလား။ အကယ်၍ လက်ခံမယ်ဆိုရင် ဘယ်လိုအချက်အလက်တွေအပေါ် အခြေခံပြီး လက်ခံမှုပြုသွား မလဲ။

ဖြေ။ ။ ဒီလူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှ သူတို့တင် မဟုတ်ဘဲ အိမ်နီး နားချင်း ၅ နိုင်ငံ ရှိတယ်။ အင်္ဂလိပ်ရဲ့ ကိုလိုနီ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော် တို့နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိ တယ်။ အဲဒီအတွက် ရည်ရွယ်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဉပဒေ ရေးခဲ့တာ ရှိတယ်။ မြန်မာနိုင်ငံသားဉပဒေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ဘင်္ဂလီ တွေနဲ့ ပတ်သက်ပြီးအကျုံးဝင်တဲ့သူတွေကို သူစည်းကမ်းနဲ့အညီ ပြန်လက်ခံဖို့ လုပ်ထားတာရှိတယ်။ ကျွန်တော်တို့သဘောတူပါတယ်။ လက်မခံစရာ အကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့စည်းကမ်းချက်နဲ့အတူ နေခဲ့ပြီး ကိုက်ညီ ရင် ပြန်လက်ခံဖို့ လုပ်နေတာ ရှိတယ်။ ဒါလည်း သဘောတူလို့ ဆွေးနွေးနေတာ ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေတာတွေ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ လက်မခံစရာ အကြောင်းမရှိဘူးလို့ ကျွန်တော် ပြောလိုပါတယ်။

မေး။ ။ အကယ်၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဉပဒေအရ ချမှတ်ထားတာ ရှင်းလင်းပါတယ်။ တချို့သောအကျုံးမဝင်တဲ့သူတွေရော ဘယ်လိုများ စဉ်းစားနိုင် ပါသလဲ။

ဖြေ။ ။ ကမ္ဘာမှာရှိတဲ့ဘယ်နိုင်ငံမှ သူတို့လူဝင်မှုကြီးကြပ်ရေးဉပဒေကို ကျော် လွန်ပြီးတော့ မလုပ်ကြဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။

မေး။ ။ ဥပဒေအတိုင်းဘဲ လုပ်မယ်။ နိုင်ငံတကာ တောင်းဆိုမှုရှိလာရင်လည်း ဒီဟာတွေကို ရှင်းပြပေးသွားမယ်လို့ နားလည်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီစပြီးဖွဲ့စည်းတဲ့အချိန်ကတည်းက ဥက္ကဋ္ဌအနေနဲ့ ပြင်ပမီဒီယာကို လက်ခံပြီး ဖြေကြားပေးတာ ဒါပထမဦးဆုံးအကြိမ်လို့ သိထားပါတယ်။ အဲဒါမှန်တယ်ဆိုရင် ဘာကြောင့် တရုတ်မီဒီယာကို ပထမဦးဆုံးအကြိမ်လက်ခံပေးတဲ့အကြောင်းကို ဖြည့်စွက်ပြီး ဆွေးနွေးပေးပါ။

ဖြေ။ ။ အမေးရှိရင် အဖြေရှိပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ကိုယ်ရဲ့ ပြောဆိုချက်တွေကိုမှန်မှန်ကန်ကန်နဲ့ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ကြောင့် ဖြေကြားပေးတာပါ။ နောက်တစ်ခုလည်း ပြောလိုတာ ရှိပါတယ်။ ခင်ဗျား တို့နဲ့ ဖြေတာက ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ တခြားမီဒီယာနဲ့ ဖြေခဲ့ တာတွေ ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့် မပါလာသေးတာဘဲ ဖြစ်မှာပါ။

မေး။ ။ ဆက်မေးချင်တာက တရုတ်-မြန်မာဆက်ဆံရေးအပေါ်ကို ဗိုလ်ချုပ် မှူးကြီးအနေနဲ့ ဘယ်လိုမျိုး ထင်မြင်ချက် ရှိပါသလဲ။ ရှေ့လျှောက်ပြီးတော့ တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအပေါ်ကို ဘယ်လိုမျိုးမြှင့်တင်ဆောင်ရွက်ဖို့ ဆန္ဒရှိပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ကီလို မီတာပေါင်း ၂၂၀၀ ကျော်လောက် ထိစပ်နေတဲ့ နိုင်ငံဖြစ်တယ်။ နောက်တစ်ခါ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိပြီး နယ်စပ်မှာနေတဲ့ တိုင်းရင်းသားတွေက လည်း တူညီမှုရှိကြတယ်။ ခင်ဗျားတို့ဆီမှာ ဂျိန်းဖောရှိမယ်၊ ကျွန်တော်တို့ဆီမှာ ကချင်ရှိမယ်။ ခင်ဗျားတို့ ဆီမှာ ‘ဝ’ ရှိမယ်။ ကျွန်တော်တို့ဆီမှာ ‘ဝ’ ရှိတယ်။ ခင်ဗျား တို့ဆီမှာ ရှမ်းရှိတယ်။ ကျွန်တော်တို့ဆီမှာ ရှမ်းရှိတယ်။ ခင်ဗျားတို့ဆီမှာ လားဟူ ရှိတယ်။ ကျွန်တော်တို့ဆီမှာ လားဟူရှိတယ်။ တော်တော်လေးနီးစပ်မှု လူနေမှု တူညီ ကြတယ်။ သမိုင်းကြောင်းပြန်ကြည့်ရင်လည်း ၁၉၄၅-၁၉၅၀ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေမှာ မြန်မာနယ်စပ်နဲ့ မြန်မာနိုင်ငံမှာလည်း ရိုက်ခတ်မှုတွေ ရှိခဲ့တယ်။ ထို့အတူပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု ဖြစ်စဉ်တွေမှာလည်း မြန်မာနိုင်ငံ၊ တရုတ်နယ်စပ်နဲ့ တရုတ်နိုင်ငံမှာလည်း ရိုက်ခတ် မှုတွေ ရှိခဲ့တယ်။ ဒါဟာထူးခြားတဲ့ဟာဖြစ်တယ်။ ကျွန်တော်တို့က နှစ်နိုင်ငံပူးပေါင်း ဆက်ဆံရေးကို ယုံကြည်မှုနဲ့ ချစ်ချစ်ခင်ခင်နေတာက အကောင်းဆုံးလို့ ကျွန်တော် ကခံယူထားတယ်။ အိမ်နီးနားချင်းထက် စိတ်ချရတဲ့မိတ်ဆွေနိုင်ငံဆိုတာမရှိဘူး။ အိမ်နီးချင်းဆိုတာ အရင်းနှီးဆုံးနိုင်ငံဖြစ်ရမယ်။ အိမ်နီးချင်းကောင်းပဲ ဖြစ်ရမယ်။ နိုင်ငံအားလုံးနဲ့ အိမ်နီးနားချင်း ငါးနိုင်ငံနဲ့ ချစ်ကြည်အောင်ဆောင်ရွက်ပါတယ်။ တရုတ်နဲ့ မြန်မာကလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူငါးချက်ကို ကမ္ဘာမှာ စပြီးလက်မှတ် ထိုးခဲ့တဲ့နိုင်ငံတွေဖြစ်တယ်။ ဒါကတော့ ထူးခြားတဲ့ဟာပါ။

မေး။ ။ ခုတရုတ်ဘက်ကနေ လုပ်ကိုင်နေတဲ့ စီးပွားရေးရပ်ဝန်းနဲ့လမ်းကြောင်း အပေါ်မှာကောမြန်မာဘက်ကနေပူးပေါင်းဆောင်ရွက်ဖို့ အားဖြည့်ဖို့အတွက် စဉ်းစား ထားမှုလေး ရှိရင် အတိုချုပ်မှတ်ချက်ပြုပေးပါ။

ဖြေ။ ။ တရုတ်ကအခုလုပ်နေတဲ့စီးပွားရေးစင်္ကြန်လမ်းကြောင်းက အခုမှမြန်မာ နိုင်ငံနဲ့လုပ်တာမဟုတ်ဘူး။ ဟိုးရှေးကာလကတည်းကပူးပေါင်းပြီးလုပ်လာခဲ့တယ်။ အဲဒီကတည်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍပေါင်းစုံ ရှိတယ်။ ခုကတော့ ပိုပြီးတော့မှ တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်ပြီးလုပ်လာတဲ့ကိစ္စတွေက ပိုပြီးတော့ လေးနက်လာတဲ့ သဘောရှိတယ်။ မြန်မာနိုင်ငံကတော့ အခုမှလုပ်တာမဟုတ်ဘူး။ လုပ်လာတာ ကြာလှပြီ။ ပူးပေါင်းဆောင်ရွက်မှုကတော့ ဒီထက်ပိုပြီးကောင်းအောင် လုပ်ဖို့ပဲရှိတယ်။ မြန်မာပြည်သူတွေရဲ့အကျိုးရှိမယ်။ မြန်မာနိုင်ငံအတွက် အကျိုး ရှိမယ်ဆိုရင် ကျွန်တော်တို့ကပူးပေါင်းဆောင်ရွက်မှုလုပ်မှာဘဲ ဖြစ်တယ်လို့ ပြောချင် တယ်။

မေး။ ။ မေးခွန်းနှစ်ခုပေါင်းရမယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့တရုတ်အကြား နယ်စပ်တည်ငြိမ်ရေးကို အဆွေတော်အနေနဲ့ဘယ်လိုဆက်လက်ပြီး ထိန်းသိမ်းမလဲ။ မြှင့်တင်မလဲဆိုတာ ထင်မြင်ချက်ရှိမလဲ။ နောက်တစ်ခုက နယ်စပ်ဒေသမှာ ကိုဗစ် ပြန့်ပွားမှုတွေအပေါ်မှာကော ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မလဲ။

ဖြေ။ ။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကတော့ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာနိုင်ငံကဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ်မှာ အပြည့်အဝဆောင်ရွက်သွားမယ်ဆိုရင်တော့ လုံးဝကို တည်ငြိမ်အေးချမ်းတဲ့ အခြေအနေရောက်သွားမယ်။ တရုတ်နယ်စပ်ပဲ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံနယ်စပ်တွေမှာလည်းရှိပါတယ်။ လာအိုနိုင်ငံနယ်စပ်တွေမှာ လည်း ရှိပါတယ်။ အိန္ဒိယနယ်စပ်မှာလည်းရှိပါတယ်။ အခုဘင်္ဂလားနယ်စပ်မှာ လည်းရှိပါတယ်။ နယ်စပ်တွေ တည်ငြိမ်ဖို့ကတော့ နယ်စပ်ဒေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမရှိအောင် သူတို့မြန်မာနိုင်ငံရဲ့လျှောက်လှမ်းနေတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်နိုင်အောင် ဖြစ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကတော့ ခိုင်ခိုင်မာမာရှိတယ်လို့ပြောချင်ပါတယ်။ အဲ့ဒီ တော့ ဒီမှာလည်း နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားရေး တိုးတက် အောင် ဆောင်ရွက်ပေးရမယ်။ ဒါလည်းမဖြစ်မနေလုပ်ပေးရမယ်။ တရုတ်ဘက်က နိုင်ငံရေးအခြေအနေနဲ့ကျွန်တော်တို့ဘက်က နိုင်ငံရေးအခြေအနေနဲ့ ကွာဟနေလို့ မရဘူး။ အဲဒီလိုကွာဟနေတယ်ဆိုရင်တော့ ပြဿနာရှိမယ်ပေါ့။ ကွာဟမှုမရှိ အောင်တော့ ကျွန်တော်တို့ဘက်က ကြိုးစားရမယ်။ တစ်ဘက်ကလည်း တည်ငြိမ် အောင်ကြိုးစားရမယ်။ ဒီဘက်ကလည်း တိုးတက်အောင်ကြိုးစားရမယ်။ ဒီနှစ်ခု ရှိမှာသာ နှစ်နိုင်ငံဆက်ဆံရေးအခိုင်အမာရှိလိမ့်မယ်လို့ ကျွန်တော်တော့မြင်တယ်။ နောက်တစ်ခုကခင်ဗျားမေးတဲ့ အထဲမှာ ကိုဗစ်-၁၉ ပါတယ်နော်။ ကိုဗစ်-၁၉ ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီမှာ ထိန်းနိုင်ပြီ။ ကျွန်တော်တို့ တော်တော်လေးထိန်းနိုင်တဲ့ အနေအထားရှိပါတယ်။ Second Wave ကတော့ ကျွန်တော်တို့ အများကြီး ဖြစ်ခဲ့ပါတယ်။ Third Wave မှာဖြစ်စဉ်က တော်တော်လေးနည်းပါတယ်။ သို့သော်လည်း လုံးဝပျောက်ပြီတော့မဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားပြီး ထိန်းရလိမ့်မယ်။ နယ်စပ်ဒေသမှာ ကိုဗစ်မဖြစ်ပွားရေး နဲ့ပတ်သက်ရင် သူ့စည်းကမ်း ချက်တွေကို တိတိကျကျလိုက်နာဖို့တော့လိုတယ်။ အားနာလို့တော့ မရဘူး။ ခင်ဗျားတို့ဖက်က စည်းကမ်းထိန်းသိမ်းရေးအပိုင်းက လည်း သူ့စည်းကမ်းနဲ့ ထိန်းဖို့လိုတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိန်းဖို့လိုပါ တယ်။ သူ့ရဲ့သတ်မှတ်တဲ့ စည်းကမ်း ချက်တွေရှိတယ်။ နောက်တစ်ခုက လူတွေက ဒါနဲ့ပတ်သက်ပြီးအသိရှိဖို့ လိုတယ်။ ကိုယ့်အသိနဲ့ကိုယ် မလိုက်နာဘူးဆိုရင် တားလို့ဆီးလို့မရတဲ့ရောဂါဖြစ်တဲ့အတွက် ပြဿနာတော့ရှိလာဖို့မြင်တယ်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကလည်း တော်တော်အရေးကြီးတယ်လို့မြင်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ စိတ်ရှည်လက်ရှည်ဖြေကြား ပေးတဲ့အတွက် လွန်စွာဘဲတန်ဖိုးထားပါတယ်။ အလေးအမြတ်ထားပါတယ်။ နောက်တစ်ခုကတော့ ခုနကပြောသလိုဘဲ နှစ်နိုင်ငံတည်ရှိနေတဲ့ သမိုင်းကြောင်း တည်ရှိနေတဲ့ Background တွေအရ နှစ်ဘက်ကဦးစားပေးပြီးတော့ ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာယုံကြည်ပါတယ်ဆိုတာ Phoenix က နိဂုံးချုပ်ပြောလိုပါ တယ်။

ဖြေ။ ။ ကောင်းပါပြီ။ ပြည့်စုံပါတယ်။ ကျွန်တော့အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကျွန်တော်ဦးဆောင်တဲ့အဖွဲ့ရဲ့ ထားရှိတဲ့အနေအထား၊ ထားရှိတဲ့ သဘောထား တွေကို ကျွန်တော်ပြောခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါ တယ်။ ကျွန်တော် ပြောတဲ့ဆိုတဲ့အချက်တွေပေါ်မူတည်ပြီး နိုင်ငံတကာကိုလည်း အားလုံးသိရှိအောင် ဆောင်ရွက်ပေးနိုင်မယ်လို့အပြည့်အဝယုံကြည်ပါတယ်။

Related news

© 2021. All rights reserved.