ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုစစ်ဆေးချက်အပေါ် စိတ်ဝင်စားမှုအပြည့်ရှိပြီး စိတ်ရှည်ရှည်ထားကာစစ်ရန် ရှေ့နေများကိုမှာကြား

 731

NP News - ဇွန် ၁၆
စိတ်ရှည်ရှည်ထားပြီးအမှုများကိုစစ်ရန် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကိုမှာကြားထားပြီး ၎င်းကိုယ်တိုင်ကလည်း အမှုစစ်ဆေးချက်များအပေါ် စိတ်ဝင်စားမှုအပြည့်ရှိကြောင်း ရှေ့နေများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နှင့် တရားစွဲထားသည့် ဦးထွန်းမြင့်အောင် (ခေါ်) ဦးညီညီ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ )တို့ဖြင့် တရားစွဲခဲ့သည့် တရားလိုဖြစ်သူ နေပြည်တော် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးရွှေတို့ကို ဇွန်လ ၁၅ ရက် ရုံးချိန်းတွင် စစ်ဆေးခဲ့သည်။

ပုဒ်မ ၅ဝ၅ (ခ) တရားလိုဖြစ်သူ ဦးစိုးရွှေက NLD ဖေစ့်ဘွတ်ခ်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၇ ရက် နှင့် ၁၃ ရက်က တင်ခဲ့သည့် ကြေငြာစာနှစ်စောင်ကို စာတမ်းအမှတ်အသားသက်သေခံအဖြစ် တင်သွင်းခဲ့သော်လည်း စာထုတ်ပြန်သည့် ရက်မတိုင်ခင်ကပင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်း ဆောင်အားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဖြစ်သည့်အတွက် ထိုစာများသည် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၅ဝ၅ (ခ) ဖြင့်တရားစွဲရသည့် စာတမ်းအမှတ်အသား သက်သေခံအဖြစ် အကြုံးမဝင်ကြောင်း ရှေ့နေများက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

တရားလိုဖြစ်သူ ဦးစိုးရွှေ သက်သေခံသွင်းသည့် စာရွက်နှစ်ရွက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဘက်က ကန့်ကွက်သည့်အတွက် လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်တင်မည်ဖြစ်ပြီး လာမည့် အင်္ဂါနေ့ရုံးချိန်းတွင် ၅ဝ၅(ခ) အမှုနှင့်ပတ်သက်ပြီး တရားလိုဖက်က ယခုတင်သွင်းသော စာတမ်းအမှတ်အသားသက် သေခံနှစ်စောင်အား သက်သေခံအဖြစ် လက်ခံသင့်၊ မသင့်ကို နှစ်ဖက်လျှောက်လဲချက်ပေးရမည်ဟု သိရသည်။

စိတ်ရှည်ရှည်ထားပြီးအမှုများကိုစစ်ရန် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကိုမှာကြားထားပြီး ၎င်းကိုယ်တိုင်ကလည်း အမှုစစ်ဆေးချက်များအပေါ် စိတ်ဝင်စားမှုအပြည့်ရှိကြောင်း၊ သမ္မတဦးဝင်းမြင့်ကလည်း အမှုများအား ရိုးရိုးရှင်းရှင်းသာ ခုခံချေပကြရန်၊ ၎င်းအနေဖြင့် သမ္မတ တာဝန်စတင်ထမ်းဆောင်ချိန်ကတည်း က ပါတီတာဝန်များအား ထမ်းဆောင်ခဲ့ခြင်းမရှိကြောင်း ရှေ့နေများကို ပြောဆိုခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက် တာမျိုးအောင်တို့ သုံးဦးလုံးရှေ့နေများနှင့် တစ်ပြိုင်တည်းတွေ့ခွင့်ရခဲ့ပြီး အားလုံးကျန်းမာရေးကောင်းသည်ဟု ရှေ့နေများထံမှ သိရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူနေသူများအတွက် အရေးပေါ်သုံး ငွေနှင့် ရိက္ခာ၊ ဆေးဝါးတချို့ရှေ့နေများထံ အကူညီတောင်းခံခဲ့မှုကြောင့် ကျပ်သိန်း ၅ဝအား ရဲတပ်ဖွဲ့မှတဆင့်ပေးပို့ခဲ့ရာ ယခုတပတ် ရုံးချိန်းတွင်ပေးပို့ခွင့်မရဟုဆိုကာ ရဲတပ်ဖွဲ့က ရှေ့နေကို ပြန်ပေးခဲ့ကြောင်း၊ ရှေ့နေများပေးပို့ခဲ့သည့် စားသောက်စရာများအား လက်ခံရရှိဖွယ်ရှိကြောင်း ရှေ့နေဦးကြည်ဝင်းက ပြောသည်။

#NPNews

Related news

© 2021. All rights reserved.