ကင်းမရွာ ရွာလုံးကျွတ်မီးလောင်မှုမှာ လက်နက်ကိုင်အကြမ်းဖက်သမားများလက်ချက်ဟု စစ်ကောင်စီ ပြန်ကြားရေးဆို

 693

NP News - ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမရွာ ရွာလုံးကျွတ် မီးလောင်မှုသည် လက်နက်ကိုင်အကြမ်းဖက်သမားများလက်ချက်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၆ ရက်တွင်ပြောသည်။

ဇွန်လ ၁၅ ရက် နေ့လည်ပိုင်းက ရဲတပ်ဖွဲ့ဝင် ၈ ဦး လှည့်ကင်းလှည့်လည်နေစဉ် ကင်းမကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်အကြမ်းဖက်သမား ၁ဝ ဦးခန့်က ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ရွာထဲပြေးဝင်သွားကြောင်း ၎င်းကပြော သည်။

"လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းအဖွဲ့ကိုစောင့်ဆိုင်းနေစဉ် မွန်းလွဲ ၃ နာရီအချိန်ခန့်မှာ ရွာထဲကနေ မီးခိုးလုံးတွေထွက်လာတာကို တွေ့ရပါတယ်။ ညနေ ၄ နာရီကျော်မှ ပူးပေါင်းအဖွဲ့များရောက်လာတဲ့အတွက် ရွာထဲဝင်ရောက်နိုင်ခဲ့ပြီး မီးလောင်မှုကို စစ်ဆေးရာ လက်နက်ကိုင်အကြမ်းဖက်သမား ၄ဝ ကျော်က ကြံခိုင်ရေးပါတီဝင်တစ်ဦးရဲ့ နေအိမ်ကိုမီးရှိုရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးလောင်ကျွမ်းစဉ် လေတိုက်ခတ်မှုကြောင့် နီးစပ်ရာနေအိမ်တွေကိုပါ မီးဆက်လက်ကူးစက်လောင်ကျွမ်းသွားပြီး ကျေးရွာရဲ့ ၇ဝ ရာခိုင်နှုန်းခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်"ဟု စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကင်းမရွာ မီးလောင်မှုသည် လက်နက်ကိုင်အကြမ်းဖက်သမားများလက်ချက်ဟု ဆိုသော်လည်း ပြည်တွင်းမီဒီယာများနှင့် ဒေသခံများသည် ကင်းမရွာ မီးလောင်မှုသည် စစ်ကောင်စီတပ်သားများ၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုနေကြသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာမှ ရှို့မီးသည် ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းမှ ညပိုင်းအထိ တောက်လောင်နေခဲ့ပြီး ရွာအတွင်း ကျန်ရစ်နေခဲ့သော ဦးမြမောင် နှင့် ဒေါ်ကြီးမိန်ဆိုသည့် သက်ကြီး ဘိုး၊ဘွား ၂ ဦး မီး လောင်သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက အတည်ပြုပြောကြားထားသည်။

ယနေ့ (ဇွန်လ ၁၆ရက်)နံနက်ပိုင်းကလည်း ကင်းမကျေးရွာ အတွင်းသို့ စစ်ကား (၃) စီးထပ်မံရောက်ရှိလာပြီး ဖမ်းဆီးခံရသူအချို့လည်းရှိခဲ့ကာ ကျေးရွာနေပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာတွင် အိမ်ခြေ ၂၅ဝ ဝန်းကျင်ရှိပြီး လူဦးရေ ၁ဝဝဝ ကျော် နေထိုင်လျက်ရှိသည်။

ဓာတ်ပုံ - ပေါက်မြို့နယ်ဟစ်တိုင်
#NPNews

Related news

© 2021. All rights reserved.