CRPH နှင့် NUG တို့ဘက်မှ အသက်အန္တရာယ်ပြုလာသဖြင့် ပြန်လည်ခုခံပါက ပြစ်မှုမမြောက်သည့်ဥပဒေ ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 4762

Iris (NP News) - ဇွန် ၁၆

CRPH နှင့် NUG တို့ဘက်မှ အသက်အန္တရာယ်ပြုလာချိန်တွင် မိမိကိုယ်ကို ခုခံကာကွယ်ပါက ပြစ်မှုမမြောက်နိုင်သော ဥပဒေတစ်ရပ် ရှိထားကြောင်း စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။

လက်ရှိမြေပြင်အခြေအနေတွင် စစ်ကောင်စီဘက်တော်သားဟုဆိုကာ သာမန်ပြည်သူအချို့၊ ကျောင်းဆရာအချို့နှင့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံနေရသည့်ဖြစ်စဉ်များ ရှိလာနေခြင်းကြောင့် မီဒီယာအချို့က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့် ဥပဒေအရ ပြစ်မှုမမြောက်နိုင်ခြင်းများရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ(၁၂)ရက်တွင် ပြန်လည်ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ " CRPH ၊ NUG တို့က မိမိအသက်အန္တရာယ်ကို ရန်ရှာလို့၊ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ရန်ရှာလို့ ခုခံကာကွယ်ခြင်းကတော့ ရာဇသတ်ကြီး ဥပဒေအရ ပြစ်မှုမြောက်စရာအကြောင်းမရှိသလို၊ ပြစ်မှုလည်း မမြောက်ပါဘူး " ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယင်းပြောကြားချက်သည် အမျိုးသားရေးဘက်တော်သားများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် စစ်တပ်ထောက်ခံသူများဘက်မှ မေးခွန်းထုတ်လာခြင်းကို ပြန်လည်တုံ့ပြန်ခြင်းမျိုးလည်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် လက်နက်ကိုင်ဆောင်ခွင့် ရှိမည်လားဟုပင် မေးခွန်းထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခဲ့သောအချက်မှာ ယခင်ကတည်းက ရှိခဲ့ပြီးသား ဥပဒေအရဖြစ်ပြီး ယခုမှအသစ်ပြန်ထွင်ခြင်းမျိုးမဟုတ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။ " ယခင်ကတည်းကအတိုင်း ရရှိပြီးသား ဥပဒေဖြစ်ပါတယ် " ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တိုင်းပြည်အတွင်း၌ စစ်တပ်ကို ကြောက်ရသောအုပ်စု၊ စစ်တပ်ဘက်ကို ကပ်သည်ဟုအထင်ရှိခံရပြီး PDF ကို ကြောက်ရသောအုပ်စုဟူ၍ နှစ်ခြမ်းကွဲလာသည့်အပြင် အေးချမ်းစွာနေလိုသောပြည်သူများက နှစ်ဖက်လုံးကိုကြောက်ရသောအခြေအနေတွင် ရှိနေကြောင်းလည်း ဆိုနိုင်သည်။

Related news

© 2021. All rights reserved.