ယူနီဆက်ဖ်ကို ကျင့်ဝတ်သိက္ခာမဲ့သောအဖွဲ့အဖြစ် မမြင်လိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

 1030

Iris (NP News) - ဇွန် ၁၇

စာသင်ကျောင်းများ၌ စစ်တပ်က လုံခြုံရေးယူမပေးလျှင် ဖောက်ခွဲမှုမဖြစ်ကြောင်း အာမခံနိုင်သလားဟု စစ်ကောင်စီဗိုလ်ချုပ်ဇော်မင်းထွန်းက မေးခွန်းထုတ်လိုက်ပြီး UNICEF အနေဖြင့် ကျင့်ဝတ်သိက္ခာရှိသင့်ကြောင်းလည်း ဝေဖန်အပြစ်တင်ပြောကြားလိုက်သည်။

နိုင်ငံတကာအဆင့်အဖွ့ဲအစည်းကြီးတစ်ခုကို ကျင့်ဝတ်သိက္ခာမရှိသည့်အဖွဲ့အစည်းအဖြစ် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ရိုက်ဝေဖန်ပြောကြားလိုက်ခြင်းဖြစ်ပြီး ယူနီဆက်ဖ်အနေဖြင့် အကြမ်းဖက်သူများ၏ အချို့သောလုပ်ရပ်များကို မျက်ကွယ်ပြုပေးနေကြောင်းလည်း ထည့်သွင်းပြောကြားလိုက်သည်။ “ ယူနီဆက်ဖ်အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလုံခြုံရေးမယူပေးဘဲ နေပေးရင် ဒီမိုကရေစီအမည်ခံ အကြမ်းဖက်သမားတွေက စာသင်ကျောင်းတွေ ကျောင်းသူ/ကျောင်းသားတွေ၊ ဆရာဆရာမတွေကို မနှောင့်ယှက်ဘူး၊ အကြမ်းမဖက်ဘူးလို့ အာမခံနိုင်သလား ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မေးခွန်းထုတ်လိုက်ခြင်းဖြစ်ပြီး ဇွန်လ(၁၂)ရက်က မေးခွန်းထုတ်ခဲ့မှုကို ဇွန်လ(၁၇)ရက်အထိ စုစုပေါင်း ငါးရက်ကြာသည့်တိုင် ယူနီဆက်ဖ်ဘက်က ပြန်လည်တုံ့ပြန်ပေးနိုင်ခြင်းမရှိသေးသည်ကိုလည်း တွေ့ရသည်။ လက်ရှိအချိန်အထိတွင် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းပေါင်း ၂၀၀ နီးပါး၌ အကြမ်းဖက်၊ မိုင်းထောင်ဖောက်ခွဲခံရမှုများ ရှိနေခဲ့ပြီး ကျောင်းပေါင်း(၅၀)ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း သိရသည်။ “ ဒီလိုအကြမ်းဖက်တဲ့လုပ်ရပ်တွေကိုကျတော့ ယူနီဆက်ဖ်က နှုတ်ဆိတ်နေတယ်။ မသိချင်ယောင်ဆောင်နေပါတယ်။ ဒါဟာ ခင်ဗျားတို့ရဲ့လိုတစ်မျိုး မလိုတစ်မျိုး မူဝါဒကြောင့်လည်း ပါတယ်လို့ ကျွန်တော် ပြောချင်တယ်။ ဒီလိုမူဝါဒကြောင့်လည်း အကြမ်းဖက်သမားတွေက အတင့်ရဲလာနေတာ ” ဟု ၎င်းက ပြတ်ပြတ်သားသားပြောသည်။ ယူနီဆက်ဖ်အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုပီပီ ကျင့်ဝတ်သိက္ခာများ စောင့်ထိန်းသွားရန်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “ သိက္ခာမဲ့တဲ့လုပ်ရပ်တွေ မမြင်ပါရစေနဲ့လို့ပဲ ကျွန်တော်တို့ ပြောလိုပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယူနီဆက်ဖ်အနေဖြင့် လွန်ခဲ့သောရက်ပိုင်းအတွင်းက ထုတ်ပြန်ချက်တစ်စောင်တွင် စာသင်ကျောင်းများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိနေခြင်းကို အကြမ်းဖက်မှုနှင့်ယှဉ်တွဲ၍ ရိသဲ့သဲ့ရေးသားချက်မျိုး ဖော်ပြခဲ့သည့်အတွက် စစ်ကောင်စီဘက်က မကျေမနပ်ဖြစ်နေခြင်းလည်း ဖြစ်သည်။

Related news

© 2021. All rights reserved.