ဖြူဖြူထွေး ကင်းမရွာမှာ သွားရောက်လှူဒါန်းပြီးနောက် တစ်ရွာလုံး ထွက်ပြေးနေရပြီဆိုတဲ့သတင်းကို ဖြူဖြူထွေး ပြန်ရှင်း

1985

အိဖြူ (NP News) - ဇွန်လ ၂၁
ဖြူဖြူထွေးကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကင်းမရွာတစ်ရွာလုံးကို တင်းကြပ်မှုတွေ လုပ်တဲ့အပြင် တစ်ရွာလုံး ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဖြူဖြူထွေးက ညတွင်းချင်း ကင်းမရွာနေ ဦးလေးကြီးတစ်ယောက်ကို ဖုန်းဆက်လှမ်းမေးကာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ဒီနေ့ ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဖြူဖြူထွေးဟာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာရှိ မီးဘေးသင့်ရွာသူ၊ ရွာသားများအတွက် စောင်များ၊ အစားအသောက်များကို သွားရောက်လှူဒါန်းခဲ့ပြီး သူမ လှူဒါန်းမှုမြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင် ပြန်လည်ဖော်ပြခဲ့ပြီးနောက် အခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဖြူဖြူထွေးကတော့ သူမကြောင့် တစ်ရွာလုံး ဒုက္ခရောက်ရပြီဆိုတဲ့သတင်းအပေါ် ကင်းမရွာနေ ဦးလေးကြီးတစ်ဦးကို အခုလို တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့ပြီး စကားပြောထားတဲ့ ဖုန်းအသံဖိုင်ကိုပြန်တင်ခဲ့ပါတယ်။
“ဖြူဖြူထွေး - ဟဲလို…. ကင်းမရွာကလား ရှင်။ လေးလေး သမီးက မနက်က လာလှူသွားတဲ့ ဖြူဖြူထွေးပါ။ ပိုစ့်လေးတစ်ခုတွေ့လိုက်လို့ပါ အဲဒီမှာလေ အဝင် အထွက်တွေ ပိတ်လိုက်တယ်။ ထွက်ပြေးနေရတယ်ဆိုတာ တွေက ဟုတ်လားရှင်။
ကင်းမရွာ - အဲဒါ မဟုတ်ပါဘူး ခင်ဗျာ။ မဟုတ်ပါဘူး။
ဖြူဖြူထွေး - ဟုတ်ကဲ့ပါ လေးလေး။ ဘာလို့လဲဆိုတော့ အခုချက်ချင်းပဲ ဘာမှလည်း မဟုတ်ဘဲနဲ့ လျှောက်ပြီးတော့ သမီးလာလှူလို့ အကုန်လုံးဝိုင်းဆဲနေကြလို့။
ကင်းမရွာ - မဟုတ်ပါဘူး။
ဖြူဖြူထွေး - အဲဒါဆိုရင်တော့ ကျေးဇူးပါ လေးလေး။ နောက်ထပ်လှူမယ့် သူတွေကိုလည်း သမီး ဒီဖုန်းနံပါတ်ကို ပေးလိုက်မယ်နော်။ လေးလေး ကိုင်ပေးဦးနော်။
ကင်းမရွာ - အဲဒါကတော့ မနက်ဖြန်နဲ့ သဘက်ခါ နှစ်ရက်လောက်တော့ ရွေ့ထားဦးမယ်နော်။
ဖြူဖြူထွေး - ဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင့်။ အဲဒါဆို လေးလေး ဒါပဲလေနော်။
ကင်းမရွာ - အပြန်ရော အဆင်ပြေတယ်မလား။
ဖြူဖြူထွေး - ဟုတ် အဆင်ပြေပါတယ်ရှင်။ သမီးတို့လည်း ပြန်ရောက်ပါပြီ။ လမ်းမှာ ကားဘီးနစ်တာ တစ်ခုပဲ” လို့ အသံဖိုင်မှာ ပါရှိပါတယ်။
ဖြူဖြူထွေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူအများစုရဲ့ စိတ်ဆန္ဒအတိုင်း အင်တိုက်အားတိုက်ပါဝင်ခဲ့ခြင်းမရှိတာကြောင့် တပ်ထောက်ခံသူအဖြစ် စွပ်စွဲ ဝေဖန်ပြောဆိုခံခဲ့ရပြီး လက်ရှိအချိန်ထိ ဝေဖန်ခံနေရဆဲဖြစ်ပါတယ်။
#NPNews