အဆင်ပြေချင်ယောင် ဟန်ဆောင်နေရတာ အဆင်မပြေတော့ဘူးလို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်

 1247

အိဖြူ (NP News) - ဇွန် ၂၂
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ သူမ အဆင်ပြေချင်ယောင် ဟန်ဆောင်နေရပေမယ့် တကယ်တမ်းမှာ အဆင်မပြေတော့ဘူးလို့ သူမအသုံးပြုတဲ့ လူမှုကွန်ရက်မှာ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေးသားဖော်ပြခဲ့ပါတယ်။

နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာရှင်တွေအနေနဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားရပြီး စားဝတ်နေရေးအခက်အခဲများအတွက် ဈေးရောင်းကာ ဖြေရှင်းနေကြရတာလည်းဖြစ်ပါတယ်။

“အရင်အချိန်လေးတွေကို လွမ်းတယ်။ အရင်လို အလုပ်တွေလုပ်ပြီး ခရီးတွေလည်း ပြန်ထွက်ချင်တယ်။ အဆင်ပြေသယောင် ဟန်ဆောင်နေရတာလဲ အဆင်ပြေမနေတော့ဘူး။ အားလုံးဘေးအန္တရာယ်ကင်းပြီး အဆင်ပြေပါစေ” လို့ သင်ဇာဝင့်ကျော်ကတော့ ငြီးတွားလာခဲ့ပါတယ်။

သူမအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု့တွေမှာ ပြည်သူနဲ့အတူပါဝင်ခဲ့သလို ဖမ်းဆီးခံထားရတဲ့ နိုင်ငံ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေးကို အဓိကထားပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ရှေ့မှာ ပရိတ်ရွတ်ဖတ်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ဖူးပါတယ်။ ဆန္ဒပြပွဲတွေမှာ အဓိကပါဝင်လှုပ်ရှားခဲ့ကြတဲ့ အနုပညာရှင်တွေကို စစ်ကောင်စီဘက်က ပုဒ်မ ၅ဝ၅(က) နဲ့ အမှုဖွင့်ခဲ့ပြီး အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တွေကတော့ ထွက်ပြေးတိမ်းရှောင်နေရသလို တချို့ဆိုရင် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
#NPNews

Related news

© 2021. All rights reserved.