အဆိုတော် ရေမွန် ငှက်ဖျားရောဂါဖြင့် ရုတ်တရက်ကွယ်လွန်

1155

အိဖြူ(NP News) - ဇွန် ၂၃
Idiots အဖွဲ့ဝင် အဆိုတော် ရေမွန် (အသက် ၃၃ နှစ်) သည် ယနေ့ (ဇွန်လ ၂၃ ရက်)က ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်သွားသဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်း ကနဦး သတင်းများအရ သိရသည်။ ရော့ခ်ဂီတအဆိုတော် ရေမွန်၏ သေဆုံးမှုကို Idiots အဖွဲ့ဝင်များနှင့် ဂီတအသိုင်းအဝိုင်းက အနုပညာညီအစ်ကိုမောင်နှမများမှ ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုရေးသားဖော်ပြခဲ့ကြသည်။
"မျှော်လင့်မထားတဲ့ သတင်းဆိုးတစ်ခုကို ကျွန်တော်တို့ ကြုံလိုက်ရပြီဗျာ။ ကျွန်တော်တို့ရဲ့ Raymond ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ။ စိတ်ထားကောင်းတဲ့ Raymond ကောင်းမွန်တဲ့ ဘုံဘဝရောက်မှာပါ။ သူငယ်ချင်း Rest In Power Brother" ဟု Idiots အဖွဲ့ဝင်များမှ စိတ်မကောင်းစွာဖြင့် အသိပေးဖော်ပြခဲ့သည်။
ရေမွန်၏ညီမဖြစ်သူမှလည်း “ အော် ဘပီရယ်... နားလည်ပေးကြပါ။ ဖုန်းတွေမဆက်ကြပါနဲ့ဦး။ ပြန်ဖြေဖို့ အားမရှိလို့ပါ။ တောင်းပန်ပါတယ်” ဟု သူမ၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် ရေးသားထား သည်။
အလားတူ အဆိုတော် ဟန်ထူးလွင်၊ နိုဗန်ထူး၊ ဟန်နေတာနှင့် အခြားသော အနုပညာမောင်နှမ များမှလည်း ရေမွန်ကွယ်လွန်သည့်သတင်းအား မယုံနိုင်ဖြစ်ခဲ့ကြပြီး ရေမွန်အတွက် ဆုတောင်းစာများနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖေ့ဘွတ်စ်ပရိုဖိုင်များကို အနက်ရောက်များချိန်းခဲ့ကြသည်။
ငှက်ဖျားကြောင့်သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ဗကပအဖွဲ့ဝင်ဟောင်း ဦးရဲထွန်းကလည်း “ငှက်ဖျားနဲ့ဆုံးတယ်ဆိုတာတော့ တော်တော်ယူကျုံးမရဖြစ်တယ်။ တကယ်တမ်း တရုတ်ကထုတ်တဲ့ ဟောက်ဂျာမီလို့ခေါ်တဲ့ အာတီမီသာ ကို တကဒ် ( ၆ လုံး) ထိုးလိုက်ရင် ၁ဝ နှစ်ကျော် ၁၅ နှစ် ပြန်မဖြစ်ဘူး။ ကျွန်တော့်ဘဝမှာ အဲဒီအာတီမီကို ၁၉၉ဝ ခုနှစ်လောက်က တစ်ခါ၊ ၂ဝဝဝ ခုနှစ်မှာ တစ်ခါထိုးလိုက်ပြီး ကတည်းက နောက်ထပ်ငှက်ဖျားမဖြစ်တော့တာ” ဟု ၎င်း၏အတွေ့အကြုံဖြင့်ယှဉ်ကာ ဝမ်း နည်းစကားဆိုခဲ့သည်။
ငါ့အပြစ်နဲ့ငါ ၊ ဆုလာဒ်၊ ဝမ်းနည်းတတ်တဲ့ချစ်သူ၊ ချန်ခဲ့၊ သုံ့ပန်း၊ မင်းနဲ့နီးဖို့၊ တွေ့ရတဲ့အတွက် ဝမ်းသာတယ်၊ ငါသေလို့ရတယ်၊ နောက်ကျော စသည့်သီချင်းများသည် တေးသံရှင် ရေမွန်၏ လူကြိုက်များ အောင်မြင်ကျော်ကြားခဲ့သော တေးသီချင်းများဖြစ်သည်။ တေးသံရှင် ရေမွန် ဖန်တီးလိုက်သော သီချင်းတိုင်းသည် အောင်မြင်မှုများရရှိခဲ့ပြီး သူသည် တေးသီချင်းများ ဖန်တီးရာတွင်လည်း ပါရမီပြည့်မီသော တေးရေး၊ တေးဆို တစ်ဦးဖြစ်သည်။
ယနေ့ နံနက်ပိုင်းက အဆိုတော် ရေမွန် ကွယ်လွန်သည့် သတင်းအား ဂီတအသိုင်းအဝိုင်းမှအနုပ ညာညီအစ်ကို မောင်နှမများ၊ ပရိသတ်များနှင့် မီဒီယာများမှ လူမှုကွန်ရက်တွင် ဝမ်းနည်းစိတ်မကောင်းကြောင်းဖော်ပြခဲ့ကြပြီး အဆိုပါသတင်းကို ပြန်ဖျက်ပေးပါဟု တောင်းဆိုသည့် စာများလည်း ထွက်ပေါ်လာခဲ့သည်။
#NPNews