မြစ်ကြီးနားမြို့အဝင်တိုးဂိတ်နှင့် ဗလမင်းထင်တံတားလုံခြုံရေးစခန်းတို့ တိုက်ခိုက်ခံရမှုသည် မှန်ကန်ကြောင်း စစ်ကောင်စီ အတည်ပြု

 994

ဟိန်း(NP News) - ဇွန် ၂၄

မြစ်ကြီးနားမြို့အဝင်တိုးဂိတ်နှင့် ဗလမင်းထင်တံတား လုံခြုံရေးစခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဇွန်လ ၂၃ ရက် ညပိုင်းက လာရောက်တိုက်ခိုက်ခြင်း ခံခဲ့သည်ဟူသော သတင်းသည် မှန်ကန်ကြောင်း စစ်ကောင်စီဘက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ဇွန်လ ၂၄ ရက်တွင် အတည်ပြုပြောကြားသည်။

ဇွန်လ ၂၃ ရက် ည ၈ နာရီဝန်းကျင်ခန့်က မြစ်ကြီးနားမြို့အဝင်တိုးဂိတ်နှင့် ဗလမင်းထင်တံတား လုံခြုံရေးစခန်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင်အဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မြစ်ကြီးနားမြို့အဝင်တိုးဂိတ်နဲ့ ဗလမင်းထင်တံတား လုံခြုံရေးစခန်းတွေကို ည ၇ နာရီ ၅ဝ မိနစ်ခန့်မှာ လက်နက် ကိုင်သောင်းကျန်းသူ ၂ဝ ဦးလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်တဲ့အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့တွေက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ည ၈ နာရီ ၅ မိနစ်လောက်မှာ ပစ်ခတ်မှုရပ်တန့်ပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားခဲ့ပါတယ် ” ဟု စစ်ကောင်စီဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ပြောဆိုချက်အရ လက်နက်ကိုင်အဖွဲ့ဝင်များ လာရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

“ မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းထင်တံတား စုပေါင်းဂိတ်အား ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်ရင်း ၃ အဖွဲ့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည် ”ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး KIA ဘက်က အသေးစိတ်ပြန်လည် သတင်းထုတ်ပြန်ခြင်း မရှိပေ။

လက်ရှိတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်ကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.