တရုတ်နဲ့ စစ်မက်ဖြစ်ဖို့လိုအပ်လာရင်လည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်မယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ပြော
669
မိုးတိမ် (NP News) - ဇွန် ၂၅
တရုတ်နိုင်ငံနဲ့ စစ်မက်ဖြစ်ပွားမှုတွေဖြစ်လာနိုင်ခြေရှိတဲ့အတွက် စစ်ရေးအရပြင်ဆင်မှုတွေကို လိုအပ်ရင် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက စီအန်အန်နဲ့သီးသန့်အင်တာဗျုးမှာ ထုတ်ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ပိုင်နက်နယ်မြေတစ်ခုအဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားသော်လည်း ထိုင်ဝမ်အပေါ် အမေရိကန်နိုင်ငံနဲ့အနောက်အုပ်စုတွေက ဝင်ရောက်ခြယ်လှယ်မှုတွေ ရှိနေတဲ့အတွက် ထိုင်ဝမ်-တရုတ်အရေးဟာ ကမ္ဘာတစ်လွှားမှာ သတိထားစရာကိစ္စတစ်ရပ်ဖြစ်လာနေပါတယ်။ သမိုင်းနောက်ခံအကြောင်းတရားတွေအရ တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်ဆိုတာ မှန်နေပေမယ့် ယနေ့ခေတ်ကမ္ဘာမှာတော့ အငြင်းပွားဖွယ်ရာတွေက ဆက်တိုက်ဖြစ်လာတာလည်း ဖြစ်ပါတယ်။ “ထိုင်ဝမ်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေအနေနဲ့ ကျွန်တော်တို့ဟာ ဘယ်လိုအခွင့်အရေးကိုမှ ယူခွင့်ပေးမှာ မဟုတ်ပါဘူး။ တရုတ်နဲ့ စစ်မက်ဖြစ်ပွားနိုင်မှုအပေါ်မူတည်ပြီး လိုအပ်လာရင် စစ်ရေးပြင်ဆင်သွားရမှာပါ ” လို့ မစ္စတာ ဂျိုးဇက်ဝူက ပြောပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ တရုတ်လေတပ်က ထိုင်ဝမ်ပိုင်နက်ဝေဟင်ထဲကို ဖြတ်ကျော်ပျံသန်းပြတာတွေ ဖြစ်ခဲ့သလို ဒါဟာ နယ်မြေကျုးကျော်ခြင်းဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ထိုင်ဝမ်ဘက်က ရှုမြင်ထားပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နယ်နိမိတ်ပိုင်တစ်ခုဖြစ်တယ်ဆိုတာကို လက်မခံတဲ့ထိုင်ဝမ်သားတွေ ရှိနေသလို လက်ခံတဲ့ထိုင်ဝမ်သားတွေပါ ရှိနေပေမယ့် တရုတ်ဘက်က လေးစားမှုမပေးခြင်းကိုတော့ မကျေမနပ်ဖြစ်နေရသူတွေ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တရုတ်နိုင်ငံအပေါ် သတိပေးတဲ့အနေနဲ့ ထုတ်ပြောလာတာဖြစ်ပြီး တရုတ်အနေနဲ့ စစ်မက်အလွန်အကျွံ ရန်စမှုမျိုးတွေ လုပ်ဆောင်လာရင်တော့ နှစ်နိုင်ငံကြားမှာ စစ်ပွဲတွေသာ ဖြစ်လာလိမ့်မယ်လို့ အသိပေးလိုက်တာပါ။
အထူးသတိပေးချက်အဖြစ် ထိုင်ဝမ်ကျွန်းနားတစ်ဝိုက်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေကို ပြန်လည်ရုတ်သိမ်းမှု မလုပ်ဘူးဆိုရင် ထိုင်ဝမ်ဘက်ကလည်း စစ်မက်အတွက် သေချာပေါက်ပြင်ဆင်သွားမယ်လို့ အမေရိကန် မီဒီယာ စီအန်အန်နဲ့ သီးသန့်အင်တာဗျုးကနေ သတင်းစကားပေးလိုက်တာပဲ ဖြစ်ပါတယ်။