မတ္တရာမှ ဘကကျောင်းဆရာသည် စစ်ပြေးတစ်ဦးဖြစ်သည့်အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီပြော

778

ရဲပြည့် (NP News) -ဇွန် ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဖမ်းဆီးသွားခဲ့သည့် ဘကကျောင်းဆရာသည် စစ်ပြေးတစ်ဦးဖြစ်ခြင်း ကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ပြေးသည် မေလ(၁၄)ရက်နေ့တွင် တာဝန်ကျရာနေရာမှ လက်နက်မဲ့ခွင့်မဲ့ပျက်ကွက်ခဲ့ပြီး မိဘများနေ အိမ်တွင်(၅)ရက်ခန့်နေထိုင်ကာ စစ်ကိုင်းမြို့ ကောင်းမှုတော် ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးဝတ်နေခဲ့ကြောင်း ၊ ယင်းနောက် မတ္တရာမြို့တောင်ခေါင်းကျေးရွာတွင် ယဉ်ကျေးလိမ္မာသင်တန်းများ သင်ကြားပေးရန် အကူအညီတောင်းခံသဖြင့် လူဝတ်လဲ၍ကူညီသင်ကြားပေးနေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီဘက်မှ အဆိုပါ စစ်ပြေးတစ်ဦးကိုသာဖမ်းဆီးခဲ့ပြီး မြစ်ကမ်းကျေးရွာအပါအဝင် အခြားကျေးရွာများမှ မည်သူ့ကိုမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိကြောင်း ပြောသည်။ သို့သော် ဒေသခံများ၏ ပြောပြချက်အရ ဇွန်လ (၂၇)ရက်နေ့တွင် စစ်ကောင်စီ၏တပ်ဖွဲ့များသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများအား သေနတ်များနှင်ပစ်ဖောက်ခဲ့သည့်အတွက် ရွာသားများ ထိတ်လန့်ခဲ့ရပြီး ဘကကျောင်းဆရာတစ်ဦးနှင့် ရွာသားတစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
#NPNews