မြေနီကုန်း ဂုံးကျော်တံတားပေါ် ချိတ်ဆွဲထားသည့် အနက်ရောင်ဗီနိုင်းအားဖယ်ရှားစဉ်ပေါက်ကွဲမှုဖြစ်ပွား

 1117

ပုံစာ-မြေနီကုန်းဂုံတံတားပေါ်တွင်ချိတ်ဆွဲခဲ့သည့် အနက်ရောင်ဗီနိုင်း
photo: CJ

ဟိန်း (NP News) ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပြည်လမ်းမပေါ်ရှိ မြေနီကုန်း ဂုံးကျော်တံတား (MapNo.36/ B-3)တွင် ချိတ်ဆွဲထားသည့် အနက်ရောင်ဗီနိုင်း(Vinly)အား ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၈ နာရီအချိန်၌ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့မှဖယ်ရှားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ပေါက်ကွဲမှုကြောင့် ရဲကင်းလှည့်ကားနောက်ဖုံးအောက်ကြမ်းခင်း ၂ လက်မခန့်ပျက်စီးခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိကြောင်း၊ ပေါက်ကွဲထားသည့် သံပိုက်လုံးအပိုင်းအစများ၊ သံဘောစေ့ အနည်းငယ်နှင့် keypad ဖုန်းအပိုင်းအစများတွေ့ရကြောင်း သိရသည်။

“ မြေနီကုန်း ဂုံးကျော်တံတားမှာ ချိတ်ဆွဲထားတဲ့ အနက်ရောင်ဗီနိုင်း(Vinly) ကို လုံခြုံရေးတပ်ဖွဲ့က သွားရောက်ဖယ်ရှားပြီး ရဲကင်းလှည့်ယာဉ်ရဲ့နောက်ဖုံးအတွင်း ထည့်သွင်းချိန်မှာ Vinly စနဲ့ ချိတ် ဆက်ထားတဲ့ ရေသန့်ဗူးအတွင်းမှ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ် ” ဟု စစ်ကောင် စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်သည့် အကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ အဆိုပါပေါက်ကွဲမှုကြောင့် နာရီဝက်ကျော်အကြာ လမ်းပိတ်ဆို့စစ်ဆေးမှုများရှိခဲ့ကြောင်း အနီးပတ်ဝန်းကျင်တွင်နေထိုင်သူများ၏ ပြောစကားအရသိရသည်။ ယမန်နေ့ ဇူလိုင်လ (၁)ရက်ကလည်း မြေနီကုန်း ဂုံးတံတားအောက်ရှိ ယာဉ်ထိန်းရဲကင်းရုံတွင် ဗုံးပေါက်ကွဲခဲ့ပြီး လမ်းသွားလမ်းလာအမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.