စစ်ကောင်စီဥက္ကဋ္ဌဇနီး၊ ပြည်ထောင်စုဝန်ကြီး ၄ဦး အပါအဝင် စစ်အာဏာသိမ်းမှုနှင့် ဆက်နွယ်သည့် လူပုဂ္ဂိုလ် ၂၂ ဦး၏ ပိုင်ဆိုင်မှုအားလုံး အမေရိကန်အစိုးရဒဏ်ခတ်ပိတ်ဆို့
1225
ဟိန်း (NP News )- ဇူလိုင် ၃
စစ်ကောင်စီအဖွဲ့ဝင် သုံးဦး နှင့် ၎င်းတို့ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီး လေးဦး၊ ယခင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသော စစ်အရာရှိများ၏ အရွယ်ရောက်ပြီး သား၊ သမီး သို့မဟုတ် အိမ်ထောင်ဖက် ၁၅ ဦး တို့၏ အမေရိကန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုအားလုံးအား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်း ချုပ်ရေးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက ဇူလိုင်လ (၂) ရက်နေ့တွင် ကြေညာလိုက်သည်။
အဆိုပါလူပုဂ္ဂိုလ်များသည် စစ်တပ်အရာရှိများ၏ မတော်မတရားရရှိထားသောပိုင်ဆိုင်မှုများအတွက် ဘဏ္ဍာရေးကွန်ရက်များဖြင့် အကျိုးပြုနေသူများဖြစ်ကြောင်း ကြေညာထားသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကြေးနီသတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီတို့အပြင် ဂြိုလ်တုဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသည့် King Royal Technologies CO. Ltd.တို့ ပါဝင်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုပိတ်သိမ်းခံရသည့် စာရင်းတွင် စစ်ကောင်စီကခန့်အပ်ထားသည့် ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဒေါ်သက်သက်ခိုင်(လူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးချစ်နိုင်(ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးအောင်နိုင်ဦး (ရင်းနှီးမြုပ်နှံမှုနှင့်စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)နှင့် ဦးမြင့်ကြိုင် (အလုပ်သမားရေးဝန်ကြီး) တို့ ပါဝင်ခဲ့ပြီး စစ်ကောင်စီ၏ အဖွဲ့ဝင်များဖြစ်သည့် စောဒယ်နီရယ်၊ ဗညားအောင်မိုးနှင့် ဒေါ်အေးနုစိန်တို့ပါဝင်ကြောင်း သိရသည်။
စစ်ခေါင်းဆောင် မိသားစုဝင်များဖြစ်သည့် ဒေါ်ကြူကြူလှ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဇနီး)၊ ဒေါ်သန်းသန်းနွယ် (ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းဇနီး)၊ ဒေါ်သက်သက်အောင် (ဗိုလ်ချုပ်ကြီး မြထွန်းဦးဇနီး)၊ ဒေါ်သန်းသန်းအေး (ဗိုလ်ချုပ်ကြီးတင်အောင်စန်းဇနီး)၊ ဒေါ်အောင်မာမြင့် (ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဇနီး)တို့ ပါဝင်ကြောင်း ၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ပပချစ်နှင့် သား/သမီးများဖြစ်သည့် မိုးထက်ထက်ထွန်း၊ ခိုင်မိုးမြင့်၊ ရတနာမိုးမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ဇနီး ဒေါ်နီလာနှင့် သမီးဖြစ်သူ သိမ့်သဉ္ဇာရဲ၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ဇနီး ဒေါ်ဥမ္မာမြင့်နှင့် သား/သမီးများဖြစ်သည့် ရွှေရည်ဖူးအောင်၊ လှိုင်ဘွားအောင်၊ ဖြိုးအာဏာအောင်တို့လည်း ပိတ်ဆို့အရေးယူခံရသူများစာရင်းတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သူများအား အမေရိကန်အစိုးရအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေပြီး ယခုထပ်တိုးစာရင်းတွင် ပါဝင်သူများအား အမေရိကန်နိုင်ငံတွင်းရှိ ယင်းတို့၏ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားအားလုံးကို သိမ်ဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် စစ်တပ်နှင့်၎င်းခေါင်းဆောင်များအနေဖြင့် လက်ရှိလမ်းကြောင်းကို နောက်ပြန်မလှည့်မချင်း၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်မပံ့ပိုးမချင်း ၎င်းတို့အပေါ် ထပ်မံအရေးယူမှုများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း ထပ်မံပြသလိုက်ခြင်းပင်ဖြစ်သည်။
မြန်မာစစ်တပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် စစ်တပ်အာဏာသိမ်းမှုကို အားပေးထောက်ခံခဲ့သူအား လုံး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားကြောင်း သိရသည်။ ထို့ပြင် အာဆီယံ သဘောတူညီချက်ငါးရပ်ကို မြန်ဆန်ထိရောက်စွာ အကောင်အထည် ဖော်ရေးအတွက် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်းကို ချက်ချင်းအမြန်ဆုံးပြန်လည်ဖော်ဆောင်ရန် မြန်မာစစ်တပ်ကို အမေရိကန်ပြည်ထောင်စုက ဆက်လက်တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။
#NPNews