မန္တလေး(၈)မြို့နယ်မှ စာသင်ကျောင်းများအားလုံး အရေးပေါ်အခြေအနေအရ (၁၂)ရက်ကြာ ပိတ်ရန် အာဏာပိုင်များက ညွှန်ကြား

 1303

အေဝိုင်အီး (NP News) - ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၈)မြို့မှ စာသင်ကျောင်းများကို အရေးပေါ်အခြေအနေအရ ဇူလိုင်လ(၅)ရက်မှစ၍(၁၂)ရက်ကြာ ပိတ်ထားရတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးဘက်မှ တိုင်းဒေသကြီးပညာရေးမှူးရုံးထံသို့ ဇူလိုင်လ(၄)ရက်တွင် တရားဝင်အသိပေးညွှန်ကြားလိုက်ခြင်းဖြစ်ပြီး မန္တလေးရှိ မြို့နယ်(၈)မြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါပိုးတွေ့ရှိမှု မြင့်တက်လာနေကြောင်းလည်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်များတွင် ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရမှုဆိုင်ရာ ဓါတ်ခွဲအတည်ပြုလူနာနှုန်းများ မြင့်မားလာခြင်းကြောင့် Stay Home အဖြစ် ကြေညာထားရကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ အပြင်မထွက်ရကြေညာချက်နှင့်အတူ စာသင်ကျောင်းများ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းတွက်ချက်လာခြင်းဖြစ်ပြီး ယာယီပိတ်သွားရန် စီစဉ်လာရခြင်းဟု ဆိုသည်။ ယင်းအတွက်ကြောင့် သက်ဆိုင်ရာခရိုင်အလိုက် ပညာရေးမှူးများအနေဖြင့် Stay Home ကြေညာထားသော အဆိုပါ(၈)မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံးကို အရေးပေါ်အခြေအနေတစ်ခုအဖြစ် သတ်မှတ်ပြီး ဇူလိုင်လ(၅)ရက်မှ ဇူလိုင်လ(၁၆)ရက်အထိ ယာယီပိတ်သိမ်းသွားရန် ညွှန်ကြားလိုက်သည်ဟု ကောင်စီရုံးက အသိပေးစာပို့ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်လွှား၌ ကိုဗစ်တတိယလှိုင်းက ပြန်လည်မြင့်တက်လာမှုနှင့်အတူ တင်းကြပ်သောစည်းကမ်းဥပဒေများဖြင့် နိုင်ငံအသီးသီးက ထိန်းချုပ်မှုများ လုပ်ဆောင်နေရသည်။ မြန်မာနိုင်ငံတွင်လည်း နေ့စဉ် ပိုးတွေ့လူနာပေါင်း ၁၀၀၀ အထက် ရှိလာနေပြီး ဇူလိုင်လ(၃)ရက်က ထုတ်ပြန်ချက်အရ (၁၈၀၀)ကျော်ရှိခဲ့ကြောင်း သိရသည်။

Related news

© 2021. All rights reserved.