ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတန်ဆောင်းအတွင်း အမျိုးသမီး (၁) ဦး အသက်ရှူကြပ်သေဆုံး
648
NP News - ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက် ရွှေမုဋ္ဌောစေတီ ဦးစံရွှေတန်ဆောင်အတွင်း အမျိုးသမီး (၁) ဦး အသက်ရှူကြပ်သေဆုံးခဲ့ကြောင်း ရွှေမုဋ္ဌောဂေါပကအဖွဲ့ဝင်တစ်ဦး၏ လူမှုကွန်ရက်မှ တစ်ဆင့် သိရသည်။
အဆိုပါ အမျိုးသမီးသည် ရွှေမုဋ္ဌောစေတီပေါ်သို့ ဇူလိုင်လ ၅ ရက်နေ့ ဘုရားဖွင့်ချိန် နံနက် (၇) နာရီကျော်တွင် လာရောက်ခဲ့ပြီး (၈)နာရီ ဝန်းကျင်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဦးစံရွှေတန်ဆောင်အတွင်းမှာ ဘုရားဖူး အမည်မသိအမျိုးသမီးတစ်ဦး အသက်ရှုကြပ်သေဆုံးပါ၍ အမျိုးသမီးအား သိရှိသူများနဲ့ မိသားစုဝင်များ အမြန်ဆုံး ရွှေမုဋ္ဌောဂေါပကရုံးသို့ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ” ဟု ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ယင်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
ပုသိမ်မြို့တွင် ဇူလိုင်လအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှု နေ့စဉ်မြင့်တက်လာပြီး သေဆုံးသူ ၃ ဦးထိ ရှိလာခြင်းကြောင့် ပုသိမ်မြို့ပေါ်ရှိ ဈေးများအားလုံးတွင် ဇူလိုင်လ ၅ ရက်နေ့မှစတင်၍ စားသောက်ဆိုင် နှင့် ဆေးဝါးဆိုင်များကို ညနေ ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပြုထားပြီး ကျန်ဆိုင်များအားလုံး ယာယီပိတ်ထားရကြောင်း သိရသည်။
#NPNews #အသက်ရှုကြပ်သေဆုံး #ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီ #Covid-19