ဦးရည်မွန်၏ ဥပဓိရုပ်ကိုကြည့်ပြီး “ဘာမှ နားလည်မည့်သူ ” မဟုတ်နိုင်ကြောင်း ခန့်မှန်းမိသည်ဟု PDF ထောက်ပံ့ငွေရှာဖွေသူ ဦးကိုကိုနိုင် ဖွင့်ဟ

 2141

Iris (NP News) - ဇူလိုင် ၁၄

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ဥပဓိရုပ်ကိုကြည့်၍ ကာကွယ်ရေး အလုပ်အကြောင်း “ဘာမှ နားလည်မည့်သူ” မဟုတ်နိုင်ကြောင်း ခန့်မှန်းမိ သည်ဟု PDF များအတွက် ပြည်ပအထောက်အပံ့များ ရှာဖွေပေးသူဆိုသော ဦးကိုကိုနိုင်က ပြောကြားလိုက်သည်။

ဂျပန်တွင်နေထိုင်သည့် ဦးထွန်းအောင်ကျော်နှင့် အမေရိကန်တွင်နေထိုင်သူ ဒေါက်တာအေးမင်းတို့၏ ချိတ်ဆက်ပေးမှုအရ NUG နှင့် ဆက်သွယ်မိခဲ့သော ဦးကိုကိုနိုင်က ဦးရည်မွန်အား ထိုင်းနိုင်ငံ မဲဆောက်တွင် ကိုယ်တိုင်သွား ရောက်တွေ့ဆုံခဲ့ရခြင်းဖြစ်ပြီး မြင်ကတည်းက ခန့်မှန်းမိသည်ဆိုသော အချက် ကို စစ်ကောင်စီ၏သတင်းစာရှင်းလင်းပွဲ ဗီဒီယိုရုပ်သံမှတစ်ဆင့် ထုတ်ပြော လိုက်ခြင်းလည်း ဖြစ်သည်။ “ ကျွန်တော်ရောက်သွားတော့ ကိုရည်မွန်က ကွန်ပျုတာနဲ့ Zoom မီတင်လုပ်နေတယ်။ ကိုအေးမင်းက အခု Gen Z လေး တွေကို အကူအညီကိစ္စမေးတယ်။ ဘာမှအကူအညီ မရဘူးပေ့ါ။ ကိုရည်မွန်က မရှိဘူးတဲ့၊ လောလာဆယ်မပေးနိုင်ဘူးတဲ့။ ကိုရည်မွန်ကို စာရေးဆရာလို့ တော့ ကျွန်တော်ကြားပါတယ်။ ကျွန်တော် သူ့ရဲ့ဥပဓိရုပ်ကို ကြည့်ပြီးတော့ (ဟာ)ဒီလူက ကာကွယ်ရေးဝန်ကြီးသာပြောတယ်။ ဖြစ်ပ့ါမလား၊ ဒီလူ ဘာမှ နားလည်တဲ့ပုံလည်း မပေါ်ပါဘူး။ ဘယ်လိုဘယ်လိုလုပ်နေလဲတော့ မသိပါဘူး ” ဟု ဒေါက်တာအေးမင်းအား ပြောခဲ့မိကြောင်း ဦးကိုကိုနိုင်က ပြောသည်။

ယင်းနောက်တွင် ဦးရည်မွန်နှင့် သီးသန့်ထပ်မံစကားပြောချိန်၌ တော်လှန်ရေး အတွက် ကြိုးစားပေးနေကြသော လူငယ်များအတွက် ဒေါ်လာငါးသန်းရရှိစေရန်ကြိုးစားနေကြောင်း၊ ဒေါ်လာ(၉)သန်းရမည့် ကိစ္စတွင် CDM သမားများအတွက် ဒေါ်လာလေးသန်းကို သုံးထားပြီး ပြီဖြစ်ကြောင်း အသိပေးခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော့်အမြင်ကတော့ ဒီလူဟာ စစ်ဘက်ရေးရာ ကျွမ်းကျင်မှုမရှိဘူးလို့ တွေ့တွေ့ချင်း ခန့်မှန်းရပါတယ်။ ဒီလူက လက်တွေ့မှာ CDM တွေကို ကူညီ ပေးနေတယ်သာ ပြောတာ၊ ရတယ်လို့ တစ်ခါမှ မကြားဖူးဘူး ” ဟု ဦးကိုကို နိုင်က ဆက်လက်ပြောကြားသည်။

၁၉၈၈ ကတည်းက တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ပြီး တောတွင်းသို့ ရောက်နေခဲ့သောအချိန်မှစ၍ NLD အာဏာရသည်အထိ NLD နှင့်လမ်းစဉ် မတူသောကြောင့် မပူးပေါင်းခဲ့ကြောင်း ဦးကိုကိုနိုင်က ပြောသည်။

အထူးသဖြင့် ဒီမိုကရေစီအရေးအတွက် တောတွင်းသို့ဝင်၍ ကြိုးစားပေးခဲ့ သည့်တိုင် သစ်ခုတ်သမားများ မလိုတော့ကြောင်း NLD ခေါင်းဆောင်များက ပြောထားသည့်အတွက် NLD နှင့် မပတ်သက်ဘဲနေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အသိပေးပြောကြားသည်။
#NPNews

Related news

© 2021. All rights reserved.