ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်လော့ဒေါင်း ကန့်သတ်ချက်များအကြား အိမ်မွေးတိရိစ္ဆာန် ရောင်းဝယ်ရေးဆိုင်တွေမှာ တိရိစ္တာန်သေဆုံးမှုတွေ မြင့်တက်လာ
383
ရောင်နီ (NP News) - ဇူလိုင် ၁၅
ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းကန့်သတ်ချက်တွေ ချမှတ်ကာ ပိတ်ဆို့ထားစဉ်အတွင်း အိမ်မွေးတိရိစ္ဆာန်စတိုးဆိုင်များကိုလည်း ပိတ်ထားဖို့ အမိန့်ချမှတ်ထားရာ ဒါကာမြို့ရှိ အကြီးဆုံးအိမ်မွေးတိရစ္ဆာန်ဈေးကွက်မှာ တိရိစ္ဆာန်ရာပေါင်းများစွာ သေဆုံးခဲ့ရတာကြောင့် တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ဒေါသထွက်ခဲ့ကြရပါတယ်။
တိရိစ္ဆာန်တွေ အသက်ရှုမကြပ်ရအောင် တံခါးဖွင့်ထားဖို့ လိုအပ်တယ်လို့ ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ Mohammad Polash က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ လော့ဒေါင်းကန့်သတ်ချက်ကြောင့် ဈေးကွက်ပိတ်ရချိန် ဇူလိုင် ၁ ရက်နေ့မှစ ဈေးကွက်ရှိ ခွေး၊ ကြောင်၊ ယုန်၊ ကြွက်များနဲ့ ဝက်များ စုစုပေါင်း အကောင် ၄၀၀ ခန့် သေဆုံးခဲ့ရကြောင်း Katabon ဈေးဆိုင်ပိုင်ရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူ Rahman Shikder က ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့တိရိစ္ဆာန်အနည်းဆုံး ၂၀ ရာခိုင်နှုန်းသေသွားတယ်"လို့ ၎င်းကဆိုပါတယ်။ အဆိုပါ ဈေးကွက်ရှိ တိရိစ္ဆာန်များ သေဆုံးမှုကို နိုင်ငံပိုင်သတင်းစာ ခေါင်းစီးပိုင်းမှ ဖော်ပြခဲ့ပြီးနောက် အစိုးရဟာ အိမ်မွေးဈေးကွက် ၇၅ ခုကို နံနက်ပိုင်း ၂ နာရီနဲ့ ညနေပိုင်း ၂ နာရီခန့် တံခါးများ ဖွင့်ထားဖို့ အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက ဈေးဆိုင်များဟာ အိမ်မွေးတိရိစ္ဆာန်တွေကို အန္တရာယ်များတဲ့ အခြေအနေမှာ ထိန်းသိမ်းထားတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး "Katabon လိုနေရာမျိုး မရှိသင့်ဘူး" "ဒီတိရိစ္ဆာန်တွေကို လူမဆန်တဲ့ အခြေအနေမှာ ထိန်းသိမ်းထားပြီးပြီးပဲ၊ ဒီလောက်ကြောက်စရာကောင်းတဲ့ သေဆုံးမှုတွေကို တွေ့ခဲ့ရတာ အံ့သြစရာမဟုတ်ဘူး" လို့ တိရိစ္ဆာန်အခွင့်အရေးအဖွဲ့ Obhoyaronno မှ Rubaiya Ahmad က AFP ကို ပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့များ Katabon ဈေးကွက်ကို ကင်းလှည့်ကာ ခွင့်ပြုထားတဲ့ အချိန်ထက် ကျော်လွန်ပြီး ဆိုင်မဖွင့်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရားဝင် သေဆုံးသူ ၁၇၀၀၀ ကျော်ထိ ရှိနေပေမယ့်လည်း နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဘာသာရေးပွဲတော် Eid al-Adha အတွက် ဗိုင်းရပ်စ်ပိတ်ဆို့ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။