NLD အမတ်ဟောင်း၏ဖော်ကောင်လုပ်မှုကြောင့် ပိုင်ဖြိုးသု၏ခင်ပွန်း ဒါရိုက်တာဏကြီး၏ အလုပ်ရုံတွင် လက်နက်ပစ္စည်းမျိုးစုံ သိမ်းဆည်းရမိ

 6320

Iris (NP News) - ဇူလိုင် ၁၆
NLD အမတ်ဟောင်း ဦးအောင်ကျော်ကျော်ဦးနှင့် အခြားတစ်ဦးတို့က ဖော်ကောင်လုပ်၍ထွက်ဆိုမှုကြောင့် သရုပ်ဆောင် အကယ်ဒမီဆုရှင် ပိုင်ဖြိုးသု၏ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး၏ အလုပ်ရုံ၌ လက်နက်ပစ္စည်းမျိုးစုံသိမ်းဆည်းထားကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိရှိသိမ်းဆည်းနိုင်ခဲ့သည်ဟု သတင်းရရှိသည်။
ထောက်ကြန့်၊ မင်္ဂလာဒုံနှင့်လှိုင်တို့ရှိ လျှပ်စစ်မီတာရုံးများ၊ ကျောင်းများကို ဖောက်ခွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ စုံစမ်းဖော်ထုတ်ချိန်တွင် ယင်းဖြစ်ရပ်များ၏နောက်ကွယ်၌ NLD လွှတ်တော်အမတ်ဟောင်း ဦးအောင်ကျော်ကျော်ဦးကိုယ်တိုင် ဦးဆောင်ပါဝင်ပတ်သက်ခဲ့ကြောင်းလည်း စစ်ကောင်စီ၏ ဇူလိုင်လ(၁၅)ရက်ညပိုင်းက ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အိုးအိမ်မှတ်တိုင်အနီး၌ လှိုင်မြို့နယ်၊ NLD ပါတီလူငယ်အဖွဲ့ဝင်နှင့် လှိုင်မြို့နယ် PDF အဖွဲ့ဝင် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင်(၄)လမ်း၊ အမှတ်(၅၃) နေသူ ထက်အောင်မင်းကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ NLD ပါတီ၏ လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း အောင်ကျော်ကျော်ဦးက ပစ္စတိုကျည်နှင့် ကျည်ဆံများဝယ်ယူရန် စေခိုင်းခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၊ သဇင်မြိုင်လမ်း၊ အိမ်အမှတ်(၇၉၆)၌ အောင်ကျော်ကျော်ဦး၊ (၄၆)နှစ်နှင့် ၎င်း၏ဇနီး ခင်မိုးမြင့်လှိုင် (၃၈)နှစ်တို့အား Retay X Treme ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်၊ မောင်ဝင်းကျော်အမည်ဖြင့် ပြုလုပ်ထားသော မှတ်ပုံတင်အတု ၁ ခု အပါအဝင် လက်နက် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဦးအောင်ကျော်ကျော်ဦးနှင့် ထက်အောင်မင်း တို့၏ ထွက်ဆိုချက်အရ ဇူလိုင်လ(၁၀)ရက် နေ့လယ်ပိုင်းတွင် ဒါရိုက်တာ ဏကြီး(ခ)ဉာဏတင်ဦး ပိုင်ဆိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၃)ရပ်ကွက်၊ ပင်လုံလမ်း၊ ရွှေကြာယံအိမ်ရာရှိ Pinlel Film Production Studio ကို သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ Studio မန်နေဂျာ စိုးအုပ်ပိုင်(ခ)ဆံရှည်(၄၀)နှစ်၊ ဖြိုးအောင်ကျော် (၃၁)နှစ်၊ အောင်ပိုင်ဖြိုး(၂၅)နှစ်၊ စည်သူကျော် (၂၆)နှစ်၊ လင်းထက်အောင်(၂၁)နှစ်တို့အား ပွိုင့်-၂၂ သေနတ် ၁ လက်၊ နှစ်လုံးပြူးသေနတ် ၁ လက်၊ ခဲသီးဖြင့်ပစ်ရသော သေနတ် ၁ လက် အပါအဝင် လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိမှုများ၏ ကွင်းဆက်တရားခံများ အဖြစ် မျိုးကျော်သူ(ခ) ကိုမျိုး(၃၃)နှစ်၊ မင်္ဂလာဒုံမြို့နယ်၊ (၂/၁)တိုးချဲ့ရပ်ကွက်၊ နီလာလမ်း၊ အမှတ်(၂၇၄) နေသူကို မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပြည်လမ်း၊ IT စားသောက်ဆိုင်ရှေ့တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာအုပ်စု၊ နွယ်ခွေကျေးရွာ၊ အမှတ်(၃)ဆက်သွယ်လမ်း၊ ခြံအမှတ် (၂၁)ရှိ Princess KTV နှင့် The King Beauty Spa သို့ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ Princess KTV နှင့် The King Beauty Spa ပိုင်ရှင် ထွန်းသက်ဦး(၅၁)နှစ်၊ တင်ထွန်းဦး(၃၀)နှစ်၊ အောင်ထက်ပိုင်(၂၅)နှစ်၊ ချစ်လင်းနိုင်(၂၄)နှစ်၊ နေနေအောင်(၂၆)နှစ်၊ အောင်ကိုဦး (၃၃)နှစ်တို့အား လက်လုပ်မိုင်း ၁၀ လုံး၊ NLD ပါတီအလံ ၂ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် ၂.၄ ကီလိုဂရမ် အပါအဝင် လက်လုပ်မိုင်းဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံရှာဖွေ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းအပြင် တရားခံ ထက်အောင်မင်း၏ စစ်ကြောထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် နေ့လယ်တွင် သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ အနော်မာ(၁၃)လမ်းအနောက်၊ အမှတ်(၅၃၇)၊ (၄)လွှာတွင် နေထိုင်သော ခိုင်ဇာတင်ဦး(ခ) ခိုင်ဇင်ဦး အသက်(၃၆)နှစ်အား ပွိုင့်-45 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် ၃၈၀ ကျည်ဆံ ၅၅ တောင့်၊ ချိန်ကိုက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိထားသူအားလုံးသည် လှိုင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ထောက်ကြန့်တို့ရှိ လျှပ်စစ်မီတာရုံးအချို့ကိုလည်းကောင်း၊ စာသင်ကျောင်းအချို့ကိုလည်းကောင်း၊ အုပ်ချုပ်ရေးမှူးရုံးများကိုလည်းကောင်း အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Related news

© 2021. All rights reserved.