Item Bar ပိုင်ရှင် ကျန်းမာရေးဆိုးရွာနေသဖြင့် အောက်စီဂျင်လှူဒါန်းပေးမှုကို ယာယီရပ်နား
1170
NP News - ဇူလိုင် ၂၂
နေ့စဉ် အောက်စီဂျင်လှူဒါန်းမှုများပြုလုပ်ပေးနေသည့် Item Bar ပိုင်ရှင်သည် ကျန်းမာရေးဆိုးရွာနေသဖြင့် ပြင်ပလူနာများအား အောက်စီဂျင် ပေးနေမှုကို ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် တစ်ရက်လုံး ရက်နားမည်ဖြစ်ပြီး ဘားဆိုင်အတွင်းရှိ လူနာများကိုဖြင့် ဝန်ထမ်းများမှ ဆက်လက်ကြည့်ရှုနေကြောင်း ၎င်းတို့၏ ဖေ့ဘွတ်စ်ပေ့ချ်တွင် ဖော်ပြ အသိပေးထားသည်။
ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းလမ်းမပေါ်ရှိ Item Bar သည် ပြီးခဲ့သည့်သီတင်းတပတ်ကျော်မှ စတင်၍ ကိုဗစ်လူနာများအတွက် ၂၄ နာရီ အောက်စီဂျင်များကို အခမဲ့ လှူဒါန်းမှုများပြုလုပ်လျက်ရှိသည့်အပြင် အရေးပေါ်လူနာများကို ဆိုင်သို့ခေါ်လာပါက လူနာအားကြည့်ရှုပေးမည့် သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများပါ အသင့်ပြင်ထား ၍ လူနာကိုအောက်စီဂျင်ပေးရှုပြီး တည်ငြိမ်သွားသည့်အချိန်မှ သက်ဆိုင်ရာဆေးရုံ (သို့) နေအိမ်သို့ ပြန်ခေါ်သွားစေသည်ဟု သိရသည်။
“Item Bar ပိုင်ရှင် ကျန်းမာရေးအရမ်းဆိုးနေပါသဖြင့် အောက်စီဂျင်လှူဒါန်းခြင်းအား ယနေ့တစ်နေ့လုံးနားပါမည်။ Item အတွင်းရှိ လူနာများကို item ဝန်ထမ်းများမှဆက်လက်ကြည့်ရှုစောင့်ရှောက်ပေးနေပါသည် item ရဲ့ပိုင်ရှင်အား တိုက်ခိုက်နေသူများအားလုံး ပျော်ရွှင်ကြပါစေ” ဟု ရေးသားဖော်ပြခဲ့သည်။
ယခုကဲ့သို့ ရပ်နားရခြင်းမှာ ဆိုင်အတွင်းရှိ ကိုဗစ်လူနာများကို ကြည့်ရှုခြင်း၊ ပြင်ပလူနာများအား အောက်စီဂျင် ပေးရာ၌ လူအင်အားနှင့် အောက်စီဂျင်များ မလုံလောက်ခြင်း၊ ပိုင်ရှင်နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအေ နများကြောင့် ခေတ္တရပ်နားထားရခြင်းဖြစ်ကြောင်း သိရသည်။
အောက်စီဂျင်ပြန်လည် လှူဒါန်းပေမည့် နေ့ရက်နှင့် အချိန်ကို၊ ပြန်ပေးမည့်နေ့တွင် အချိန် နှစ်နာရီစော၍ ၎င်းတို့၏ တရားဝင်ပေ့ချ်မှ ကြေညာပေးမည်ဟု ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ပြည်သူများအဆင်ပြေစေရန် အောက်စီဂျင်လှူဒါန်းပေးနေသည့် Item Bar အပေါ် စစ်တပ်သတင်းပေးသူအဖြစ် စွပ်စွဲရေးသားထားသည့် စာတစ်စောင် လှုမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့ပြီး ထိုသတင်းနှင့်ပတ်သက်၍ Item Bar မှ တာဝန်ရှိသူများသည် ပြန်လည်ဖြေရှင်းခဲ့ရသေးသည်။
#NPNews