အင်းစိန်အပါအဝင် အကျဉ်းထောင်များအားလုံးကို ထောင်ဝင်စာ ဆိုင်းငံ့ထားပြီ

3196

Iris (NP News) - ဇူလိုင် ၂၃
အင်းစိန်အကျဉ်းထောင်အတွင်းမှ အကျဉ်းသားများ၊ အချုပ်သားများကို မိသားစုဝင်များက လာရောက်တွေ့ဆုံခွင့်ပြုတော့မည်မဟုတ်ဘဲ ထောင်ဝင်စာဆိုင်းငံ့ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။
အင်းစိန်အကျဉ်းထောင်အတွင်းသို့ ထောင်ဝင်စာလာတွေ့ခြင်းကို ပိတ်ဆို့ရခြင်းမှာ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းကြောင့်ဖြစ်ပြီး ထောင်ဝင်စာမှတစ်ဆင့် လူစုလူဝေးဖြစ်လာနိုင်သည့်အပြင် လူစုလူဝေးမှတစ်ဆင့် ကိုဗစ်ကူးစက်မှုများပြားသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်က ပြောသည်။ " ကိုဗစ်တတိယလှိုင်း ပြန်စကတည်းက ထောင်ဝင်စာ ဧည့်သည်တွေ့ဆုံခွင့်ကို ဆိုင်းငံ့ထားပါတယ်။ အဓိကအကြောင်းအရင်းက ကိုဗစ်ဖြစ်ပွားမှုနှုန်းကလည်း များနေတယ်။ ကူးစက်မှုကလည်း မြန်နေတဲ့အတွက် ထောင်ဝင်စာတွေ့ချင်သူက အများကြီးပေ့ါ။ အကျဉ်းထောင်မှာရှိတဲ့သူတွေကို အပြင်ကလူတွေက လာတွေ့ကြတဲ့အခါမှာ လူစုလူဝေးဖြစ်ပေါ်မှာပေါ့။ အဲဒီတော့ လူစုလူဝေးဖြစ်မှာစိုးလို့ ထောင်ဝင်စာကို ဆိုင်းငံ့လိုက်တာပါပဲ " ဟု ဦးချမ်းအေးကျော်က ပြောသည်။ ထောင်ဝင်စာ တွေ့ခွင့်မရသေးသော်လည်း အကျဉ်းသား၊ အချုပ်သားများအတွက် မိသားစုဝင်များဘက်က ထောင်ဝင်စာပစ္စည်း ပါဆယ်များကို ပေးပို့၍ရကြောင်းနှင့် ယင်းအချက်ကိုမူ လက်ခံပေးထားကြောင်းလည်း ဆိုသည်။ ယင်းအပြင် အတွင်းနှင့်အပြင် ဆက်သွယ်ရန်အတွက် မိသားစုဝင်ချင်း စာရေးသားဆက်သွယ်စေမှုအတွက် စီစဉ်ပေးထားကြောင်း၊ အကျဉ်းထောင်တွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို စနစ်တကျလုပ်ဆောင်နေကြောင်းလည်း သိရသည်။ အထူးသဖြင့် အကျဉ်းသားများကို ရောဂါအခံရှိမရှိဆိုသည့်အချက်နှင့် ကိုဗစ်စစ်ဆေးခြင်းများ လုပ်ဆောင်နေပြီး အကျဉ်းထောင်၌ထားရန် မသင့်တော်သူများကို အပြင်ဆေးရုံ၌ အစောင့်အကြပ်ဖြင့်ထားရှိရန်လည်း စီစဉ်ထားကြောင်း ဦးချမ်းအေးကျော်က ပြောသည်။
တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များထဲမှ အကျဉ်းသားပေါင်း(၃၇၅)ဦးတွင် ကိုဗစ်ကူးစက်ခံထားရပြီး ယင်းတို့အထဲမှ လွန်ခဲ့သောရက်ပိုင်းအတွင်းက ဆုံးပါးသွားခဲ့သူ NLD ထိပ်တန်းခေါင်းဆောင် ဦးဉာဏ်ဝင်းအပါအဝင်(၆)ဦး ကွယ်လွန်ထားကြောင်း သိရသည်။ ကိုဗစ်ဖြင့် ဆေးကုသမှုခံယူနေရသူ(၂၀၈)ဦးရှိနေပြီး ကိုဗစ်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ(၁၅၂)ဦးရှိခဲ့ကြောင်းလည်း သိရသည်။