ဦးခင်ရီကို လဝက ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်မှုနှင့် ရဲမှူးကြီး၊ ရဲမှူးချုပ်များကို ဒေသအစိုးရဝန်ကြီးများအဖြစ် ခန့်အပ်သော အိမ်စောင့်အစိုးရ၏ ကြေညာချက်များထုတ်ပြန်

3895

Iris (NP News) - သြဂုတ် ၁
လဝက၀န်ကြီးဟောင်း ဦးခင်ရီကို လဝက၀န်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခြင်းအပါအဝင် အိမ်စောင့်အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံအုပ်ချုပ်ရေးယန္တရားကို စတင်ကြေညာခဲ့ပြီဖြစ်ပြီး ထူးခြားမှုအဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများကို ရဲမှူးချုပ်နှင့် ရဲမှူးကြီးများအား ခန့်အပ်လိုက်သည်ကို တွေ့ရသည်။
သြဂုတ်လ(၁)ရက်တွင် ထုတ်ပြန်လာသော နစကစစ်ကောင်စီ၏ ပထမကြေညာချက်တွင် အိမ်စောင့်အစိုးရဟူ၍ဖွဲ့စည်းကြောင်း ဖော်ပြထားပြီး နောက်ဆက်တွဲကြေညာချက်များကို နေ့လယ်ပိုင်းအထိ ဆက်တိုက်ထုတ်ပြန်လာရာတွင် ထူးခြားသောခန့်အပ်မှုများ ပါဝင်လာခြင်းလည်းဖြစ်သည်။ NLD အစိုးရလက်ထက်က စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို (၁)နှင့်(၂)ဟူ၍ နှစ်ခုခွဲလိုက်ပြီး ယင်းတွင် အာဏာသိမ်းမှုဖြစ်စဉ်မတိုင်မီ ညှိနှိုင်းရေးလုပ်ငန်းစဉ်များ၏ အဓိကဇာတ်ကောင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၏ ဝန်ကြီးအဖြစ်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးတာဝန်ထမ်းဆောင်နေသော ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ)အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၏ ဝန်ကြီးအဖြစ်လည်းကောင်း၊ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ကနဦးခန့်အပ်ထားပြီးနောက် ထပ်မံ၍ ပြန်ကြားရေးဝန်ကြီးအဖြစ်လည်းကောင်း ဝန်ကြီးဌာနနှစ်ခုကို ပူးတွဲတာဝန်ထမ်းဆောင်စေသည်ကိုလည်း တွေ့ရသည်။ NLD လက်ထက်က ပူးပေါင်းလိုက်သောဝန်ကြီးဌာနကို အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် နှစ်ခုခွဲကာ ဦးမြင့်ကြိုင်အား အလုပ်သမားဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးခဲ့ပြီး ဦးသိန်းစိန်လက်ထက်က နိုင်ငံတော်သန်ခေါင်းစာရင်းကို ကောက်ယူပေးခဲ့သည့် လဝက၀န်ကြီး ရဲချုပ်ဟောင်း ဦးခင်ရီကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး(လဝက၀န်ကြီး)အဖြစ် ပြန်လည်တာဝန်ပေးခဲ့သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုလည်း ဌာနနှစ်ခုခွဲလိုက်ပြီး လက်ရှိဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းကို ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးမင်းသိန်းဇံဆိုသူကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ထားသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအဖြစ် ဦးခက်ထိန်နန်(ကချင်)၊ ဦးခင်မောင်ဦး(ခ)ဘူးရယ်(ကယား)၊ ဦးစောမြင့်ဦး(ကရင်)၊ ဦးငွန်ဆန်းအောင်(ချင်း)၊ ဦးမြတ်ကျော်(စစ်ကိုင်း)၊ ဦးမြတ်ကို(တနင်္သာရီ)၊ ဦးမျိုးဆွေဝင်း(ပဲခူး)၊ ဦးတင့်လွင်(မကွေး)၊ ဦးမောင်ကို(မန္တလေး)၊ ဦးဇော်လင်းထွန်း(မွန်)၊ ဒေါက်တာ အောင်ကျော်မင်း(ရခိုင်)၊ ဦးလှစိုး(ရန်ကုန်)၊ ဒေါက်တာကျော်ထွန်း(ရှမ်း)နှင့် ဦးတင်မောင်ဝင်း(ဧရာဝတီ)ဟူ၍ ခန့်အပ်လိုက်ကြောင်းလည်း သိရသည်။ ဒေသအလိုက် နယ်/လုံဝန်ကြီးများအဖြစ် ဗိုလ်မှူးကြီး ကျော်လင်းအောင်(ကချင်)၊ ဗိုလ်မှူးကြီးမြင့်ဝေ(ကယား)၊ ဗိုလ်မှူးမျိုးမင်းနောင်(ကရင်)၊ ဗိုလ်မှူးကြီး ဟန်ဝင်းအောင်(ချင်း)၊ ဗိုလ်မှူးကြီး ဝင်းတင်စိုး(စစ်ကိုင်း) ၊ ဗိုလ်မှူးကြီးသက်စိုး(တနင်္သာရီ)၊ ဗိုလ်မှူးကြီး လှမျိုးရွှေ(ပဲခူး)၊ ဗိုလ်မှူးကြီး ကျော်ကျော်လင်း(မကွေး)၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်း(မန္တလေး)၊ ဗိုလ်မှူးကြီးနေထွဋ်ဦး(မွန်)၊ ဗိုလ်မှူးကြီးကျော်သူရ(ရခိုင်)၊ ဗိုလ်မှူးကြီး ဝင်းတင့်(ရန်ကုန်)၊ ဗိုလ်မှူးကြီးလှဦး(ရှမ်း)နှင့် ဗိုလ်မှူးကြီး ကျော်စွာလှိုင်(ဧရာဝတီ)တို့ ဖြစ်ကြောင်း သိရသည်။ အထူးခြားဆုံးမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများအဖြစ် ယခင်က ခန့်အပ်လေ့မရှိခဲ့သော ရဲမှူးကြီး၊ ရဲမှူးချုပ်အဆင့်များကို ခန့်အပ်ခဲ့ခြင်းမျိုးဖြစ်ပြီး သက်တမ်းနှစ်နှစ်ပြီးလျှင် ပင်စင်နားရမည့်သူများဖြစ်နေသည်လား သို့မဟုတ် လမ်းပန်းဆက်သွယ်ရေးလုံခြုံရေးစနစ်ကို ရဲဌာန၏လက်တွင်းသို့ အပ်နှင်းခြင်းလားဟု တွေးစရာလည်း ဖြစ်နေသည်ကို တွေ့ရသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများအဖြစ် ရဲမှူးကြီး ဉာဏ်မြင့်ကျော်(ကချင်)၊ ရဲမှူးကြီး မျိုးဆွေ(ကယား)၊ ရဲမှူးကြီး ခင်ဇော်(ကရင်)၊ ရဲမှူးကြီး စိုးလွင်မိုး(ချင်း)၊ ရဲမှူးကြီး ကျော်ထွန်း(စစ်ကိုင်း)၊ ရဲမှူးကြီး ခင်ကျော်(တနင်္သာရီ)၊ ရဲမှူးကြီး ကျော်ထွဋ်(ပဲခူး)၊ ရဲမှူးကြီး သူရသွင်ကိုကို(မကွေး)၊ ရဲမှူးချုပ် စိန်လွင်(မန္တလေး)၊ ရဲမှူးကြီး သက်နိုင်(မွန်)၊ ရဲမှူးချုပ် မျိုးမင်းထိုက်(ရန်ကုန်)၊ ရဲမှူးချုပ် တင်ကိုကို(ရှမ်း)နှင့် ရဲမှူးကြီး တင်ဇော်ထွန်း(ဧရာဝတီ)တို့ ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အခြားသော ဒေသအစိုးရဖွဲ့ဝင်များအဖြစ်လည်း သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးဟူ၍ ခန့်အပ်ထားသောအမည်စာရင်းများကို သြဂုတ်လ(၁)ရက်တွင် နစက၏အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်အရ ထုတ်ပြန်ကြေညာလိုက်သည်ကို တွေ့ရသည်။