နိုင်မြန်မာ သေဆုံးပြီဆိုတဲ့သတင်းကို သားဖြစ်သူ အဆိုတော်ဗျူဟာ ဒိုင်ခံ ဖြေရှင်းနေရ

 1814

NP News - သြဂုတ် ၇

“ကမ္ဘာမကြေဘူး” သီချင်းရဲ့မူရင်းပိုင်ရှင် တေးရေးနိုင်မြန်မာ ကွယ်လွန်ပြီဆိုတဲ့သတင်းဟာ သတင်းအမှားသာ ဖြစ်ပြီး အဆိုပါသတင်းထွက်လာတဲ့အပေါ် မိသားစုဝင်တွေကိုယ်တိုင်လည်းအံသြခဲ့ရသလို မည်သို့သောအသိုင်း အဝိုင်းက လူတစ်ယောက်သေဆုံးတဲ့သတင်းကို အလွယ်တကူတင်နေလဲမသိဘူးလို့ သားဖြစ်သူ အဆိုတော် ဗျူဟာက NP News ကို ပြောပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့မရောက်ခင် တစ်ရက်အလိုဖြစ်တဲ့ သြဂုတ်လ ၇ ရက်နေ့မှာပဲ “ကမ္ဘာမကြေဘူး” သီချင်းရဲ့မူရင်းပိုင်ရှင်ဖြစ်တဲ့ တေးရေး၊တေးဆို နိုင်မြန်မာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တွေဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ကာယကံရှင်တွေကိုယ်တောင် ဘာမှမမေးကြဘဲနဲ့ သူတို့တင်ချင်ရာတွေလျှောက်တင်နေကြ တယ်။ လွှဲနေတယ်ဗျ။ အဖေက နေကောင်းတယ်။ ကျန်းမာတယ်။ အလုပ်တွေလည်း လုပ်နေတယ်။ ကာယကံ ရှင်ကိုယ်တိုင်လည်း အိမ်မှာငုတ်တုတ်ကြီးကို ရှိနေတယ်ဗျာ။ မဟုတ်တဲ့သတင်းတွေကို လျှောက်တင်ကြတာ ကတော့ ဖောင်းတယ်ဗျာ။ ကျွန်တော်အိပ်ရာနိုးကတည်းက ကျွန်တော့်အဖေဆုံးသွားပြီဆိုတဲ့ ဒီသတင်းကို ချည်းဖြေရှင်းနေရတာ။ စိတ်တော့ ရှုပ်တာပေါ့” လို့ ဗျူဟာက ပြောပါတယ်။
တေးရေး၊ တေးဆို နိုင်မြန်မာဟာ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး နေအိမ်မှာပဲ အလုပ် တွေလည်း ပုံမှန်အတိုင်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

အခုလို ဖခင်သေဆုံးတယ်ဆိုတဲ့ သတင်းအမှားထွက်လာတဲ့အပေါ် နားမလည်နိုင်ကြောင်း၊ မိသားစုဝင်တွေ ဆွေမျိုးတွေနဲ့ ပတ်ဝန်ကျင်ကတစ်ဦးတစ်ယောက်ကမှ နိုင်မြန်မာ ကွယ်လွန်ပြီဆိုပြီး မပြောခဲ့ကြပေမယ့် ဘယ်လို အသိုင်းအဝိုင်းကသူတွေက ဒီလိုသတင်းစကားကိုလွှင့်လဲဆိုတာကိုလည်း မသိကြောင်း၊ အကယ်၍ တစ်ခုခုဖြစ်တယ်ဆိုရင်တောင် ကာယကံရှင်မိသားစုဝင်များထံသို့ တိုက်ရိုက်လှမ်း အတည်ပြုသင့်ကြောင်း၊ ကာယကံရှင်ဆီသို့ အတည်မပြုဘဲ မတင်သင့်ကြောင်း ဗျူဟာက ဆက်လက်ပြောခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.