(၄၄)လမ်းဖြစ်စဉ်တွင် တိုက်ပေါ်မှ ခုန်ချခဲ့သူ (၅) ဦးအနက် (၂) ဦးသေဆုံး

 2715

ဟိန်း (NP News) - ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၄၄)လမ်း၌ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် တိုက်ပေါ်မှ ခုန်ချခဲ့သည့် (၅) ဦးအနက် (၂) ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက ဩဂုတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ (၄၄)လမ်း၊ တိုက်အမှတ်(၁၆)၊ (၄)လွှာတွင် ဖောက်ခွဲဖျက်ဆီးရေးပြုလုပ်ရာတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်ထားကြောင်းသတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁ဝ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါတိုက်ခန်းအတွင်းမှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား ဖောက်ခွဲရေးပစ္စည်းများဖြစ်သည့် လက်လုပ်ဗုံးမျိုးစုံ (၁၆) လုံး၊ ယမ်းပျော့ (၂) ချောင်း၊ (၁) ထုပ်လျှင် ဗျောက်အိုး (၅ဝ) ပါ အထုပ် (၂) ထုပ်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေစဉ် အခန်းအတွင်းရှိ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးစစ်ဆေးခြင်းကို လက်မခံဘဲ အဆိုပါတိုက်ခန်း (၃) လွှာ အနောက်ဘက်ရှိ ပြတင်းပေါက်မှ ခုန်ချခဲ့သဖြင့် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခဲ့၍ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁) ဦးတို့ သေဆုံးခဲ့ကာ အမျိုးသား (၃)ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား (၃)ဦးအား တပ်မတော်ဆေးရုံ(ကုတင်-၁ဝဝဝ)သို့ ပို့ဆောင်ထားပြီး အ ဆိုပါဖြစ်စဉ်တွင် လူသေဆုံးမှုများနှင့်ပတ်သက်၍ ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဖမ်းဆီးရမိထားသူ များနှင့် ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.