တစ်ရက်လူ(၃၀၀၀) မီးသဂြိုလ်မည့်စက်များ ရန်ကုန်၌တည်ဆောက်နေမှုကို ရပ်နားထားလိုက်ပြီဟု သိရ

 7760

အေဝိုင်အီး (NP News) - သြဂုတ် ၁၆
ရန်ကုန်တွင် တစ်ရက်လူ(၃၀၀၀)ထက် သဂြိုလ်နိုင်မည့် မီးသဂြိုလ်စက်များ ဇူလိုင်လကုန်ပိုင်းအတွင်းက စတင်တည်ဆောက်ခဲ့သော်လည်း လက်ရှိ၌ တည်ဆောက်မှုအားလုံးနီးပါးရပ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

တစ်ရက်လျှင် လူ(၃၀၀၀) မီးသဂြိုလ်နိုင်မည့်စက်များတည်ဆောက်နေခြင်းကို ရန်ကုန်ဝန်ကြီးချုပ်နှင့် စည်ပင်မှတာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီးနောက် ဇူလိုင်လ(၂၇)ရက်တွင် သတင်းထုတ်ပြန်အသိပေးခဲ့ခြင်းလည်းဖြစ်သည်။ သို့သော်လည်း သြဂုတ်လပထမပတ်ကတည်းက ရပ်နားလိုက်ခြင်းဖြစ်ကြောင်းလည်း အလောင်းများနေ့စဉ်ပို့ဆောင်နေသည့် ပရဟိတအဖွဲ့များထံမှ သိရသည်။ “ ရပ်လိုက်တာ သိသလောက်တော့ တစ်ပတ်လောက်ရှိပြီ။ ဘယ်မှာမှ ဆက်မဆောက်တော့ဘူး ” ဟု ဒဂုံအရှေ့ရှိ ပရဟိတအသင်းမှ ခေါင်းဆောင်တစ်ဦးက NP News သို့ ပြောသည်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များကို ရပ်နားထားခြင်းမှာ မိုးတွင်းကာလဖြစ်သဖြင့် ယာယီရပ်နားခြင်းမျိုး ဟုတ်ပုံမရဘဲ စီမံချက်ကိုရပ်နားထားသည့်သဘောမျိုးဖြစ်ပုံရကြောင်းလည်း ၎င်းကဆိုသည်။ “ လူတွေ ဝိုင်းအော်ပြီး လှောင်ကြလို့လား မသိဘူး။ ရပ်တာတော့ လုံးဝရပ်ထားတယ်။ နေရာသုံးခုလုံးမှာပဲ ” ဟု အခြားသောပရဟိတအသင်းမှ ခေါင်းဆောင်တစ်ဦးကလည်း အတည်ပြုပြောကြားသည်။ ရန်ကုန်ရှိ အဓိက သုသာန်ကြီးများဖြစ်သော ရေဝေး၊ ထိန်ပင်နှင့် ကျီစုတို့တွင် မြို့တော်စည်ပင်က ဦးဆောင်၍ အဆိုပါမီးသဂြိုလ်စက်များကို တည်ဆောက်နေခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လအတွင်းက လူသေဆုံးမှုမြင့်တက်ခဲ့ခြင်းကို အဆိုပါလုပ်ငန်းစဉ်ဖြင့် စီစဉ်ပေးခြင်းလည်း ဖြစ်ခဲ့သည်။ ဇူလိုင်လ(၂၇)ရက်က ထုတ်ပြန်ထားချက်တွင် (၅)ပေါက်တွဲ(၂)တွဲပါ မီးဖို (၅)လုံးကို ရေဝေးသုသာန်၌ စတင်တည်ဆောက်နေပြီဖြစ်ပြီး အမြန်ဆုံးပြီးစီးစေရမည်ဖြစ်ကြောင်း၊ ပြီးစီးသွားပါက တစ်နာရီအတွင်း လူသေအလောင်း(၅၀)ကို တပြိုင်တည်းသဂြိုလ်နိုင်မည်ဖြစ်ကာ ရေဝေးသုသာန်တစ်ခုတည်း၌ပင် တစ်ရက်လျှင် လူ(၁၀၀၀)ကို သဂြိုလ်နိုင်တော့မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူဆောင်ရွက်နေသော သုသာန်များ၌ အလားတူမီးဖို(၁၀)လုံးကို တစ်ပြိုင်တည်းတည်ဆောက်နေပြီဖြစ်သည့်အတွက် အားလုံးပေါင်းပါက တစ်ရက်လျှင် လူ(၃၀၀၀)ကို စိတ်ချလက်ချသဂြိုလ်ပေးနိုင်တော့မည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။ ယင်းလုပ်ငန်းစဉ်များကို မည်သည့်ပုဂ္ဂိုလ်က မည်သို့အကြံပေးပြီး မည်သည့်စိတ်ထားဖြင့် တာဝန်ရှိသူများက တည်ဆောက်သနည်းဆိုသည့်အချက်မှာ လူထုကြားတွင် စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး တည်ဆောက်မှုလုပ်စဉ်ကတည်းက နိုင်ငံတော်ဘတ်ဂျက်နစ်နာမှု ရှိမည့်ကိစ္စဖြစ်သည့်အတွက် ရပ်နားမှုတွင်လည်း အလားတူပင်ဖြစ်လာနိုင်ကြောင်း ထောက်ပြစရာဖြစ်လာသည်။

Related news

© 2021. All rights reserved.