ဖခင်ကွယ်လွန်သွားသည့်အပေါ် သရုပ်ဆောင် ဖွေးဖွေး ၏ ပြောစကား

2109

အိဖြူ(NP News) - သြဂုတ် ၂ဝ
ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၏ ဖခင်ဦးကျော်ကျော်ဝင်း (ခ) မောင်ဦး (အသက် ၅၈)နှစ်သည် သြဂုတ်လ ၁၉ ရက် ညပိုင်းက ကိုဗစ်ရောဂါဖြင့် ပန်းလှိုင်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေမှုဥပဒေ ပုဒ်မ ၅ဝ၅(က) ဖြင့် အမှုဖွင့်ခံရထားသော ဖွေးဖွေးသည် တိမ်းရှောင်ထွက်ပြေးနေရသဖြင့် ဖခင် ကိုဗစ်ရောဂါကို ကုသနေရချိန်နှင့် ယခုကွယ်လွန်ချိန်တွင် မိသားစုနှင့် အတူ မရှိနိုင်ခဲ့ပေ။
ဖွေးဖွေးက သူမ၏ဖခင်ကွယ်လွန်သွားပြီဆိုသောသတင်းကို ကြားကြားပြီးချင်း ဖခင်ကွယ်လွန်သွားခြင်းသည် သူမ ဘဝက ဘယ်တော့မှထပ်တူကျတော့မည် မဟုတ်ကြောင်း အဓိပ္ပါယ်ရသည့်စာကို သူမကိုယ်တိုင်အသုံးပြု သည့် လူမှုကွန်ရက်တွင် “My Life will never be the same again...” ဟု ရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းတပတ်အတွင်းက ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးနှင့် ဝတ်မှုန်ရွှေရည်တို့ ညီအစ်မနှစ်ယောက်၏ အဖွားဖြစ်သူ အသက် ၉၄ နှစ်အရွယ်ရှိ အဖွားဒေါ်လှဝင်း သည် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၉ ရက် ညပိုင်းမှာ ဖွေးဖွေး၏ဖခင် ဦးကျော်ကျော်ဝင်းသည် ကိုဗစ်ရောဂါဖြင့် ထပ်မံ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဖွေးဖွေးသည် သူမ၏အဖွားကွယ်လွန်ချိန်ကလည်း အနားတွင် မရှိနိုင်ခဲ့သလို ယခု သူမ၏ဖခင် ကွယ်လွန်ချိန်တွင်လည်း မိသားစုနှင့်အတူ ရှိမနေနိုင်သည့်အတွက် ပို၍ ဝမ်းနည်း စိတ်မကောင်းဖြစ်နေရသည်။ လက်ရှိတွင် သူမ၏ မိခင်သည်လည်း ကိုဗစ်ရောဂါကူးစက်ခံထားရသဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ညီမတစ်ဝမ်းကွဲဖြစ်သူ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်သည် ဦးလေးဖြစ်သူ၏ နာရေးကိစ္စများနှင့်ပတ်သက်၍ ညတွင်းချင်း ပန်းလှိုင်ဆေးရုံသို့ လိုက်သွားခဲ့ကြောင်း သိရသည်။
#NPNews #PhwayPhway