ကမ္ဘာပေါ်မှ အထင်ရှားဆုံး ပန်းပွဲတော်ကြီးများ

 1590

ဝတီ (NP News) – သြဂုတ် ၂၁
ကမ္ဘာတလွှားမှာ ပန်းပွဲတော်ကြီးတွေကို နှစ်တိုင်းလိုလို ကျင်းပကြပါတယ်။ ပန်းဆိုတဲ့ သဘာဝအလှတရားကို ဖျော်ဖြေပွဲတွေနဲ့ ပေါင်းစပ်ပြီး တင်ဆက်တဲ့ ပန်းပွဲတော်ကြီးတွေရှိသလို သဘာဝအလှတရားချည်းပဲ သီးသန့်ပြသတဲ့ ပန်းပွဲ တော်ကြီးတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ ပန်းပွဲတော်က ပြန်လာတဲ့လူတွေဟာ ပွဲတော်မှာမြင်ခဲ့ရတဲ့ အလှအပတွေကို တော်တော်နဲ့ မမေ့နိုင်ကြပါဘူး။ ဒီတော့ ကမ္ဘာပေါ်မှာ အထင်ရှားဆုံးပန်းပွဲတော်ကြီးတွေက ဘာတွေလဲ၊ ဘယ်လောက်တောင် လှလို့၊ ဘာတွေ ထူးခြားလို့ ဒီလိုကမ္ဘာကျော်နေရတာလဲဆိုတာ ဖော်ပြပေး လိုက်ရပါတယ်။

စကာဂစ်ဗယ်လီ ကျူးလစ်ပန်းပွဲတော်
Skagit Valley Tulip Festival အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စကာဂစ်ဗယ်လီမှာ ဒီပန်းပွဲတော်ကြီးကို ဧပြီလ ရောက်တိုင်း ကျင်းပပါတယ်။ ပွဲတော်ကို ဧပြီလ တစ်လလုံးကျင်းပတာပါ။ ဒီပွဲတော်ကို ၁၉၈၄ ခုနှစ်မှာ စကျင်းပတာဖြစ်ပြီး ရောင်စုံ ကျူးလစ်ပန်းစိုက်ခင်းကြီးတွေကို မျက်စိတစ်ဆုံး ရင်သပ်ရှုမောစရာ မြင်တွေ့ရမှာဖြစ်တဲ့အပြင် ကျူးလစ်ပန်း အမျိုးစုံကိုလည်း အနီးကပ် အားပါးတရ ကြည့်ခွင့်ရမှာဖြစ်ပါတယ်။ နွေဦးရာသီရောက်လာကို ကြိုဆိုတဲ့ အထိမ်းအမှတ်၊ သဘာဝအလှတရားကြီးကို တန်ဖိုးထားတဲ့ အထိမ်းအမှတ်အနေနဲ့ ပန်းပွဲတော်ကြီးကို ကျင်းပတာပါ။ ဘက်တက်ဂ်လီယာဒီဖွိုင်ရီ Battaglia di Fiori, Ventimiglia ဗန်တီမီဂလီယာ ( Ventimiglia ) ဆိုတဲ့ အီတလီမြို့မှာ ဒီပန်းပွဲတော်ကို နှစ်နှစ်တစ်ခါ ကျင်းပပါတယ်။ ပန်းပွဲတော်ကို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား ကျင်းပတာဖြစ်လို့ ပွဲလာသူတိုင်း စိတ်ကြည်နူးသွားရတာချည်းပါပဲ။

ပွဲကို နှစ်ရက်ကြာ ကျင်းပတာဖြစ်ပြီး ပထမညမှာ ဂီတ၊ အက ၊ မီးရှူးမီးပန်းတွေနဲ့ပေါ့။ ဒုတိယညမှာတော့ ပန်းအ လှယာဉ်ကြီးတွေ စီတန်းလှည့်လည်ပါတယ်။ အဲဒီနောက်မှာတော့ တစ်ယောက်ကိုတစ်ယောက် ပန်းတွေနဲ့ ပေါက်ပြီး ပျော်ကြ၊ ရွှင်ကြပါတယ်။ ဘက်တလာဒီဖလောစ် Battalla de Flores ဇူလိုင်လ နောက်ဆုံးပတ် တနင်္ဂနွေနေ့ရောက်တိုင်း ဗလန်စီယာ ( Valencia ) ဆိုတဲ့ စပိန်မြို့လေးမှာ ဒီပန်းပွဲတော်ကြီးကို ကျင်းပပါတယ်။ ပန်းအလှယာဉ်ကြီးတွေ၊ ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းကလေးတွေက စီတန်းလှည့်လည်တာဖြစ်ပြီး ပွဲကြည့်ပရိသတ်တွေက စီတန်းလှည့်လည်ပွဲမှာပါတဲ့ လူတွေနဲ့ မိန်းကလေးတွေကို ပန်းတွေနဲ့ ပေါက်ကြပါတယ်။ အပေါက်ခံရတဲ့လူတွေကလည်း ပန်းတွေကို တင်းနစ်ဘက်တံတွေနဲ့ ရိုက်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါတယ်။ ဒီလိုနဲ့ပဲပွဲဟာ ပျော်စရာကြီး ဖြစ်နေပါတော့တယ်။

မက်ဒယ်လင် ပန်းပွဲတော်
Festival of the Flowers, Medellin ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်မြို့ ( Medellin ) မှာ ၁၉၅၇ ခုနှစ်ကစပြီး ပန်းပွဲတော်ကြီး ကျင်းပခဲ့ပြီး ကမ္ဘာ့နာမည်အကြီးဆုံး ပန်းပွဲတော်တွေထဲမှာ ဒီပန်းပွဲတော်လည်း ပါပါတယ်။ ပွဲတော်မှာ အထူးခြားဆုံးကတော့ ပန်းတွေအများကြီးကို သေသသေချာချာ၊ အကျအန ပြင်ဆင်ပြီး အဲဒီပန်းခွေကြီးတွေကို ကျောကုန်းပေါ် ထမ်းသယ်တာပါပဲ။ ကျွန်တွေက သခင်တွေကို ကျောပေါ် ထမ်းသယ်ခဲ့ရတဲ့ ကျွန်စနစ် ချုပ်ငြိမ်း သွားတဲ့ အထိမ်းအမှတ်အနေနဲ့ ပန်းခွေကြီးတွေကို ကျောပေါ် ထမ်းသယ်ကြတာဖြစ်ပါတယ်။

ကနေဒါကျူးလစ်ပန်းပွဲတော်
Canadian Tulip Festival ကနေဒါ ကျူးလစ်ပန်းပွဲတော်ကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံးကျူးလစ် ပန်းပွဲ တော်လို့ ခေါ်လို့ရလောက်အောင် ကြီးမားပါတယ်။ ကနေဒါမြို့တော် အော့တဝါမှာ မေလရောက်တိုင်း ဒီပွဲတော်ကို ကျင်းပတာပါ။ ပွဲတော်ကျင်းပ တဲ့ရက်အတွင်းမှာ မိန့်ခွန်းပြောတာတွေ၊ ဂီတပွဲတော်တွေ၊ အချက်အပြုတ် ပွဲတော်တွေလည်း လုပ်ပါသေးတယ်။ ဒီပွဲကို နှစ်စဉ် လူပေါင်း ငါးသိန်းကျော် လာကြပါသတဲ့။

နှင်းဆီပန်းပွဲတော်
Rose Parade အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နှင်းဆီပန်းပွဲတော်ကို နှစ်တိုင်းကျင်းပတာဖြစ်ပြီး ကမ္ဘာ့ကျော်ပန်းပွဲတော်ကြီးတွေထဲမှာ ဒီပွဲလည်း ပါနေတာပေါ့။ ပွဲတော်နေ့မှာဆိုရင် နှင်းဆီပန်းတွေနဲ့ အကြီးအ ကျယ် အလှဆင်ထားတဲ့ ပန်းအလှယာဉ်ကြီးတွေကို လူတွေက ကြိတ်ကြိတ်တိုး လာကြည့်ကြပါတယ်။

ချင်းမိုင်ပန်းပွဲတော်
Chiang Mai Flower Festival ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ပထမပတ် ရောက်တိုင်း ပန်းပွဲတော်ကြီး လုပ်ပါတယ်။ ပွဲတော်မှာ ချင်းမိုင်ဒေသထွက် Damask Rose ဒမတ်စ်ခ်နှင်းဆီကို အဓိက ဦးစားပေးတာ ဆိုပေမယ့် သစ်ခွနဲ့ တခြားပန်းပေါင်းစုံကိုလည်း မြင်တွေ့ရမှာပါ။ ပန်းအလှယာဉ်ကြီးတွေ၊ ရိုးရာအက၊ ရိုးရာဂီတတွေကိုလည်း ပွဲတော်မှာ မြင်တွေ့ရဦးမှာပါ။

ဂန်ဇာနို အင်ဖီယိုရာတာ ပန်းပွဲတော်
Genzano Infiorata Flower Festival ဂန်ဇာနိုဒီရိုးမား ( Genzano di Roma ) ဆိုတဲ့ အီတလီမြို့လေးမှာ ဒီပန်းပွဲ တော်ကြီး ကျင်းပလာတာ ၁၇၇၈ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ပွဲတော်ဟာ သုံးရက်ကြာမြင့်ပြီး ပွဲတော်နေ့တွေမှာဆိုရင် မြို့ရဲ့အဓိကလမ်းကို ပန်းနဲ့ အနုစိတ် အလှဆင်ပြီး ပန်းကော်ဇောပုံတွေ ဖော်ကြပါတယ်။ ပွဲတော်ကြီးလည်းပြီးရော ကလေးတွေ အဲဒီပန်းကော်ဇောတွေပေါ် တက်ခုန် ပေါက်ကြတာ၊ တက်နင်း ကြတာ ပျော်စရာကြီးပေါ့။

ပန်းကော်ဇောပွဲတော်
Flower Carpet, Brussels, Belgium ပန်းကော်ဇောဆိုတဲ့နာမည်အတိုင်းပဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ဘီဂိုနီယာဆိုတဲ့ ပန်းအမျိုးအစား ပေါင်းစုံနဲ့ ကော်ဇောပုံကြီး ဖော်ပါတယ်။ ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေက ပန်းကော် ဇောကြီးဖြစ်လာအောင် အပင်ပန်းခံပြီး လုပ်အားပေးကြပါတယ်။ ပထမဦးဆုံး ပန်းကော်ဇောကို ၁၉၇၁ ခုနှစ်မှာ စလုပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်းမှာတော့ ပွဲကိုနှစ်နှစ် တစ်ခါ သြဂုတ်လတိုင်း ပုံမှန်ကျင်းပပါတယ်။

မက်ဒီရာပန်းပွဲတော်
Festa da Flor, Madeira, Portugal ပေါ်တူဂီနိုင်ငံ ဖန်ချယ်လ် ( Funchal ) မြို့မှာ နွေဦးရာသီ ရောက်တိုင်း (Madeira) မက်ဒီရာပန်းပွဲတော် ကျင်းပပါတယ်။ ပန်းပွဲတော် ဆိုတဲ့အတိုင်း အရောင်အသွေးစုံ၊ အမျိုးအစားစုံ ပန်းတွေ အများကြီးကို ပြသထားတာ ဖြစ်ပေမယ့် ဂီတပွဲ၊ အချက်အပြုတ်ပွဲတွေလည်း ပါပါတယ်။ ပွဲတော်နေ့တွေမှာဆိုရင် ပန်းတွေနဲ့ အကြီးအကျယ် အလှဆင်ထားတဲ့ ပန်းအလှယာဉ်ကြီးတွေ မြို့ထဲက ဖြစ်သွားမှာဖြစ်လို့ အဲဒါကို လူတွေက သူ့ထက်ငါ အလုအယက်စောင့်ကြည့်ကြပါတယ်။
#NPNews

Related news

© 2021. All rights reserved.