ကျူးဘားလက်ဝှေ့ကျော်ကို ရှုံးနိမ့်ပြီး ကမ္ဘာချန်ပီယံဆုနဲ့ လွဲခဲ့ရတဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီအို

1411

ဂျန်ဇက်(NP News) - သြဂုတ် ၂၂
ဖိလစ်ပိုင်လက်ဝှေ့ကျော်ပက်ကွီအိုဟာ သြဂုတ် ၂၁ ရက်နေ့က အမေရိကန်နိုင်ငံမှာ ထိုးသတ်တဲ့ WBA စူပါ ဝယ်သာဝိတ်တန်း ကမ္ဘာချန်ပီယံလုပွဲမှာ လက်ရှိချန်ပီယံဖြစ်တဲ့ ကျူးဘားလက်ဝှေ့ကျော် Yordenis Ugas ကို အမှတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
ကျူးဘားလက်ဝှေ့သမားဖြစ်တဲ့ Yordenis Ugas ဟာ အဆိုပါပွဲစဉ်မှာ ပက်ကွီအိုနဲ့ထိုးသတ်ဖို့ မူလက အစီအစဉ် မရှိခဲ့ဘဲ ပက်ကွီအိုနဲ့ထိုးသတ်ဖို့စီစဉ်ထားတဲ့ ကမ္ဘာလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်တဲ့ အာရိုးလ်စပန့်ဆီ ဒဏ်ရာရ သွားတဲ့အတွက် သူ့နေရာမှာ အစားထိုးယှဉ်ပြိုင်ခဲ့ရာ ပက်ကွီအိုကို အမှတ်နဲ့ အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပက်ကွီအိုဟာ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်းကတည်းက လက်ဝှေ့ပွဲစဉ် တွေထိုးသတ်ခဲ့ခြင်းမရှိဘဲ Yordenis Ugas နဲ့ ပွဲစဉ်ဟာ သူ့အတွက် ၂ နှစ်အတွင်း ပထမဆုံးယှဉ်ပြိုင်တဲ့ပွဲ လည်းဖြစ်ပါတယ်။
"ရှုံးနိမ့်မှုအတွက် စိတ်ပျက်ဝမ်းနည်းရပါတယ်။ ကျွန်တော်ဟာ Yordenis Ugas ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပွဲစဉ်အတွင်း ကျွန်တော်ရဲ့ခြေထောက်လှုပ်ရှားဖို့ အခက်အခဲတွေရှိ ခဲ့တယ်။ ကျွန်တော် အနေနဲ့ လက်ရှိအချိန်မှာ အနားယူဖို့ လိုအပ်နေတယ်။ မကြာမီ ကျွန်တော်ရဲ့လက်ဝှေ့သမားဘဝနဲ့ပတ်သက်ပြီး ဆုံးဖြတ် ချက်တစ်ခု ချမှတ်ရတော့မယ်။ " လို့ ပက်ကွီအိုက ပြောပါတယ်။
ပက်ကွီအိုဟာ ဖိလစ်ပိုင်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ကမ္ဘာလက်ဝှေ့ပြိုင်ပွဲမှာ မတူညီတဲ့ ဝိတ်တန်း (၈) ခု ချန်ပီယံဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ Yordenis Ugas ကို ရှုံးနိမ့်သွားခဲ့တဲ့အတွက် ပက်ကွီအိုဟာ လက်ဝှေ့သမားသက်တမ်းအတွင်း ပွဲပေါင်း (၈) ပွဲ ရှုံးနိမ့်မှု မှတ်တမ်းရရှိသွားခဲ့ပါတယ်။
"ကျွန်တော်အတွက် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ပက်ကွီအိုဟာ ကျွန်တော်ကို ထိုးသတ်ခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ဟာ လေ့ကျင့်ချိန် သီတင်းပတ် ၂ ပတ်သာ ရရှိခဲ့ပေမယ့် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်" လို့ ကျူးဘားလက်ဝှေ့ကျော်ဖြစ်တဲ့ Yordenis Ugas က ပြောပါတယ်။
ဒိုင်ဆုံးဖြတ်ချက်မှာ Yordenis Ugas ဟာ ပက်ကွီအိုကို ၁၁၅- ၁၁၃၊ ၁၁၆- ၁၁၂၊ ၁၁၆- ၁၁၂ မှတ်တွေနဲ့ အနိုင်ရ ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အတွင်း ကျူးဘားလက်ဝှေ့ကျော်ဟာ ပက်ကွီအိုကို လက်ရည်အသာနဲ့ ယှဉ်ပြိုင် နိုင်ခဲ့ပြီး ထိုးချက်တွေက ပစ်မှတ်ကို ထိအောင်ထိုးနိုင်ခဲ့တဲ့အတွက် ဒိုင်လူကြီးတွေဟာ အမှတ်ပိုပေး၊ အနိုင်ပေး ခဲ့တာ ဖြစ်ပါတယ်။
#NPNews