အဆိုတော် ချစ်သုဝေရဲ့ဖခင် ဦးဇော်ဝင်း(Metal Zone) ကိုဗစ်ရောဂါဖြင့် ကွယ်လွန်

 1055

NP News - သြဂုတ်လ ၂၃
တချိန်က ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ၊ Metal Zone studio နဲ့ Metal Zone Band ကို စတင်တည်ထောင်သူ၊ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ၊ ချစ်စုဝေ တို့ရဲ့ဖခင်၊ ခေတ်နဲ့သစ်လေးတို့ရဲ့အဖိုးဖြစ်သူ ဦးဇော်ဝင်းဟာ ဒီနေ့ သြဂုတ်လ (၂၃) ရက်၊ မနက် ၅ နာရီ ၂ဝ မိနစ်အချိန့်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဦးဇော်ဝင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၁) ရက်နေ့က သူ့အနေနဲ့ကိုဗစ်ကူးစက်ခံထားရတာ (၃) ရက်မြောက်ပြီဖြစ် ကြောင်း လူမှုကွန်ရက်မှာ အသိပေးဖော်ပြခဲ့ဖူးပြီး ဒီနေ့ သြဂုတ်လ (၂၃) ရက်နေ့ မနက်ပိုင်းမှာတော့ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ ဦးဇော်ဝင်းဟာ သမက်ဖြစ်သူ လင်းလင်းရဲ့ဖခင်ဖြစ်သူ ကွယ်လွန်သွားချိန်ကလည်း စိတ်မကောင်းဖြစ်ရကြောင်း ရေးသားခဲ့ဖူးပါတယ်။

သမီးနဲ့ သမက်ဖြစ်သူဟာလည်း စစ်ကောင်စီရဲ့ပုဒ်မ ၅ဝ၅ (က) နဲ့ အမှုဖွင့်ခံထားရတာကြောင့် တိမ်းရှောင်နေရတဲ့အတွက် လင်းလင်း ဖခင်ရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်နိုင်ခြင်းမရှိခဲ့သလို အခုချစ်သုဝေရဲ့ဖခင် ဦးဇော်ဝင်းကွယ်လွန်ချိန်မှာလည်း ချစ်သုဝေဟာ ဖခင်ရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ခွင့်မရတဲ့အတွက် ပိုပြီးစိတ်မကောင်းဖြစ်နေပါတယ်။

ချစ်သုဝေရဲ့ဖခင် ဦးဇော်ဝင်း ကွယ်လွန်သွားပြီဆိုတဲ့သတင်းအပေါ် ဂီတအနုပညာအသိုင်းအဝိုင်းကလည်း ဝမ်းနည်းကြောင်း၊ ကျန်ရစ်သူမိသားစုဝင်များအတွက်လည်း စိတ်မကောင်းဖြစ်ကြောင်းနဲ့ ကွယ်လွန်သူ ဦးဇော်ဝင်းအတွက် ဆုတောင်းစာများ ရေးသားဖော်ပြခဲ့ကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြီးကြောင့် အဖက်ဖက်က ထိခိုက်ဆုံးရှုံးမှုတွေရှိနေပြီး ပြည်သူများစွာရဲ့အသက်တွေလည်း ဆုံးရှုံးနေရသလို၊ မိသားစုအသိုက်အမြုံတွေလည်း ပြိုပျက်ကုန်ကြပါတယ်။ အလားတူ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေဟာလည်း သူတို့ရဲ့မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီထဲမှာမှ သရုပ်ဆောင် ပြေတီဦး၊ ညီနန္ဒ၊ နေ မင်း၊ ခန့်စည်သူ၊ နေဆန်း၊ အဆိုတော် လင်းလင်း၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ ခွန်းဆင့်နေခြည်၊ နန်းမြတ်ဖြိုးသင်း၊ မေပန်းချီ အစရှိတဲ့ အနုပညာရှင်တွေဟာ သူတို့ရဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရပြီး လူရွှင်တော်သရုပ်ဆောင် ဦးမေတ္တာ၊ ဦးခိုင်တင်၊ ဦးစံမတူနဲ့ အခြားသောအနုပညာတွေလည်း ကွယ်လွန်ခဲ့ရပါတယ်။

ဒါ့ကြောင့် ကိုဗစ်တတိယလှိုင်းရဲ့ရိုက်ခတ်မှုဒဏ်ဟာ အင်မတန်ကို ကြောက်စရာကောင်းလွန်းတာကြောင့် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့လိုအပ်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.