သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူရဲ့ကိုယ်ပွားလေးတွေကို စောင့်ရှောက်ရင်း အကောင်းဆုံးရှင်သန်သွားပါမယ်လို့ပြောရင်း သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်လာ

996

NP News - သြဂုတ် ၂၃
သရုပ်ဆောင်၊ အဆိုတော် နန်းမြတ်ဖြိုးသင်းက သူ့ရဲ့ခင်ပွန်းဖြစ်သူအတွက်ပါ ပေါင်းပြီးသားနဲ့ သမီးလေးတို့ အတွက် အကောင်းဆုံးရှင်သန်သွားမှာဖြစ်ပြီး ခင်ပွန်းဖြစ်သူကို သတိရတယ်ဆိုတာထက် ပိုပါတယ်လို့ သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်ပြောပြလာပါတယ်။
သူမကိုသိပ်ချစ်တဲ့၊ သားနဲ့သမီးလေးကို သိပ်ချစ်တဲ့၊ မိသားစုကိုသိပ်ချစ်တတ်တဲ့၊ သူမသိပ်ချစ်ရတဲ့ သူ့ရဲ့ခင်ပွန်း ကွယ်လွန်သွားတာဟာ လျင်မြန်ရုံမက ဆုံးရှုံးမှုဟာ ကြီးမားလွန်းတဲ့အတွက် ပြောစရာ စကားလုံး ရှာမရ အောင်ဖြစ်နေရပြီး ဒီလိုအဖြစ်အပျက်မျိုးက ကြုံဖူးတဲ့သူမှလွဲ ဘယ်သူမှ ကိုယ်ချင်းစာနိုင်မှာတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။
“လူဆိုတာ မွေးလာရင် သေချာတာကသေဖို့ပါပဲ။ ကျန်ခဲ့တဲ့သူကတော့ အကောင်းဆုံးရှင်သန်ရမှာပါ။ သူ့ အတွက်ပါ ပေါင်းပြီး ၂ ဆ ကျွန်မ အကောင်းဆုံးရှင်သန်မှာပါ။ သူထားခဲ့တဲ့သူ့ကိုယ်ပွါးလေးတွေရဲ့လက်ကို မြဲမြဲ တွဲပြီ ကျွန်မအကောင်းဆုံးရှင်သန်ပါမယ်။ ကျွန်မကိုအရမ်းချစ်တဲ့ သူမရှိတော့လို့ ကျွန်မ ပိုပင်ပန်းမှာပါ။ ဒါပေမယ့် ဒါတွေဟာ လောကဓံပါ။ သံသရာက မလွတ်မြောက်နိုင်သေးသ၍ လောကဓံက နှိပ်စက်တဲ့ဒဏ်ကို ခံနေကြရမှာ ပါပဲ။
ကျွန်မအတွက် သူထားခဲ့တဲ့ လေးနှစ်တာအတွင်း good memories တွေက အဖိုးမဖြတ်နိုင်အောင်ပါပဲ။ ပြန်စဉ်းစားကြည့်တော့ ရန်ဖြစ်ရတာလဲ မရှိ၊ စိတ်ဆင်းရဲရတာလဲ မရှိခဲ့တဲ့ လေးနှစ်တာ ကာလကို ပိုတန်ဖိုးထား မိပါတယ်။ သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလည်း သားစွဲ၊ မယားစွဲ မဖြစ်အောင် သံသရာ အတွက် ကောင်းအောင် ကျွန်မတည်တည်ငြိမ်ငြိမ်နဲ့ ရာနှုန်းပြည့်လုပ်ပေးလိုက်နိုင်ခဲ့ပါတယ်။ သူလည်း ညင်ညင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့ပဲ အသက်ထွက်သွားနိုင်ခဲ့တယ်။ သူက စိတ်ထားကောင်းသူ အကုသိုလ်စိတ်နည်းသူ ကူညီတတ်သူမို့ သုခဘုံကိုရောက်မယ်လို့ ကျွန်မ အပြည့်အဝယုံကြည်တယ်။
ရှည်လွန်းလှတဲ့သံသရာမှာ ဘဝကူးကောင်းဖို့ကလည်း အရေးကြီးပါတယ်။ ဘာတွေပဲတွေ့ကြုံရပါစေ ကျွန်မ သူ့အတွက်ပါ ပေါင်းပြီး အကောင်းဆုံးကြိုးစားရှင်သန်ပါမယ်။ သတိရတယ် လွမ်းတယ်ဆိုတာထက်ပိုပါတယ် ယောက်ျားရေ” လို့ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုး ကွယ်လွန်ဆုံးပါးသွားတဲ့အပေါ် ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာတာဖြစ်ပါတယ်။
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်း ကိုတာတာမျိုး၊ (အသက် ၃၆)နှစ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဂျပန်ဆေးရုံမှာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဆေးကုသမှုခံယူခဲ့ရပေမယ့် ကိုတာတာမျိုး ကတော့ ကိုဗစ်ကိုတွန်းလှန်နိုင်ခြင်းမရှိခဲ့ဘဲ အသက်သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အသက် (၂) နှစ်ကျော်အရွယ် သားကြီး ဂျက်ဂျက် နဲ့ အသက် ခြောက်လ အရွယ်သာရှိသေးတဲ့ သမီးငယ်လေး ဂျူးဂျူးတို့နဲ့ ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။
#NPNews