အာရှ၏ အလှပဆုံး ဒေသနှင့် နိုင်ငံများ

 2690

ဝတီ (NP News)- သြဂုတ် ၂၇
အာရှတခွင်မှာ သူ့နည်းသူ့ဟန်နဲ့ တစ်မျိုးစီ လှပနေတဲ့ နိုင်ငံတွေ၊ နေရာဒေသတွေ အများကြီး ရှိပါတယ်။ ရှေး ဟောင်းအဆောက်အအုံတွေကြောင့် တမျိုးထူးခြားပြီး လှပနေတဲ့ နေရာတွေရှိသလို သဘာဝအလှအပရှုခင်းတွေ၊ ခေတ်မီမိုးမျှော်အဆောက်အအုံ တိုက်တာကြီးတွေကြောင့် တမျိုးတဖုံ ဆွဲဆောင်မှုရှိနေတဲ့ နေရာတွေလည်း မရှားပါဘူး။ ဒါကြောင့် ဘယ်ဟာက အလှဆုံးလဲဆိုတာ ရွေးရခက်လှပါတယ်။ တကယ်တော့ ဘယ်နေရာက စိတ်ဝင်စားစရာအကောင်းဆုံးလဲ၊ အလှဆုံးလဲဆိုတာ ကိုယ့်ရဲ့စိတ်ဝင်စားမှုအပေါ် ၊ ကိုယ်နှစ်သက်တဲ့ အလှအပ အမျိုးအစားပေါ်မှာပဲ မူတည်တာပါ။ ဒါပေမဲ့ အသာယာဆုံး၊ အလှပဆုံးလို့ လူအများစု ယူဆထားတဲ့ နေရာတွေလည်း ရှိပါတယ်။ ဒါကြောင့် လူအများစု အလှပဆုံးလို့ ယူဆထားတဲ့ အာရှနိုင်ငံတွေနဲ့ ဒေသတွေက ဘာတွေလဲဆိုတာ စုစည်းဖော်ပြလိုက်ပါတယ်။

မလေးရှား
စင်ကာပူနဲ့ ထိုင်းကြားမှာရှိတဲ့အတွက် မလေးရှားဟာ သွားရလာရအရမ်းလွယ်ကူပါတယ်။ မလေးရှားမှာ သဘာဝအလှရှုခင်းတွေ၊ ကမ္ဘာ့သက်တမ်း အရင့်ဆုံး သစ်တောတွေ၊ ယဉ်ကျေးမှုပေါင်းစုံ ရောနှောနေတဲ့ မြို့ကြီးပြကြီးတွေ ရှိပါတယ်။

အိန္ဒိယ
ကမ္ဘာပေါ်မှာ အိန္ဒိယလိုနေရာမျိုး အဲဒီတစ်နေရာပဲရှိမှာပါ။ အိန္ဒိယမှာ ဗုဒ္ဓဂါယာနဲ့ တာ့ဂျ်မဟာ အပါအဝင် သိပ်ခမ်း နားကြီးကျယ်တဲ့ ရှေးခေတ်ဟောင်း အနုစိတ်လက်ရာတွေရှိပါတယ်။ ပြီးတော့ အဲဒီမှာ ယဉ်ကျေးမှုပေါင်းစုံလည်း ရှိတယ်လေ။ အိန္ဒိယနိုင်ငံက ကြီးတော့ သွားလည်စရာ နေရာအမျိုးအစား အမျိုးမျိုးရှိပြီး တစ်နေရာသွားလိုက်တိုင်း တမူထူးခြားတဲ့ အတွေ့အကြုံတစ်မျိုး ရလာမှာပါ။ သေချာတာ ကတော့ အိန္ဒိယကို တစ်ခါသွားပြီးတာနဲ့ ထပ်ထပ်ပြီးသွားချင်နေဦးမှာပါပဲ။

ဟောင်ကောင်
ဟောင်ကောင်ဟာ အင်မတန် ခေတ်မီတိုးတက်တဲ့ နေရာဆိုတော့ ခေတ်ပေါ် မိုးမျှော်တိုက်တာအဆောက်အအုံတွေ ၊ စိတ်ဝင်စားစရာ မြို့ပြနေရာတွေ အများကြီးပေါ့။ ဟောင်ကောင်မှာ စိတ်ဝင်စားစရာတွေ အများကြီးရှိသလို တစ်နေရာနဲ့ တစ်နေရာ ကူးလူးသွားလာရတာလည်း သိပ်ကိုမှလွယ်ကူ ပါတယ်။ ပြီးတော့ ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးကိုသွားမယ်ဆိုရင် တစ်နာရီပဲ ကြာပါတယ်။

ကမ္ဘောဒီးယား
ရှေးဟောင်း ဗိသုကာလက်ရာ ဘုရားကျောင်းတွေကို စိတ်ဝင်စားတယ်၊ နိုင်ငံခြားလည်းသွားလည်ချင်တယ်ဆိုရင်တော့ ကမ္ဘောဒီးယားကိုသွားပါလို့ ညွှန်းပါရစေ။ ဟုတ်ပါတယ်။ ကမ္ဘောဒီးယားက အန်ကောဝပ်ဟာ အာရှမှာ မသွားမဖြစ်သွား ရမယ့် နေရာပါပဲ။ ဒါ့အပြင် ဒေသခံတွေကလည်း ဖော်ရွေပြီး အင်္ဂလိပ်စကားလည်း ပြောတတ်ကြပါတယ်။

မြန်မာ
မြန်မာကိုရောက်ရင် မဖြစ်မနေ သွားရမယ့်နေရာကတော့ ရွှေတိဂုံနဲ့ပုဂံဆိုတဲ့ ရှေးဟောင်းမြို့ကြီးပါပဲ။ ပုဂံဟာ ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ပြီး ရှေးဟောင်းစေတီပုထိုးတွေကို အဲဒီမှာ လက်ညှိုးထိုးမလွဲ မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဂုတ်ထိပ်တံတားကိုဖြတ်ပြီး သီပေါကို သွားတဲ့ ခရီးစဉ်ဟာလည်း နာမည်ကြီး ခရီးစဉ်ပါ။

စင်ကာပူ
စင်ကာပူကတော့ သွားလို့လာလို့ သိပ်ကိုလွယ်ကူတဲ့နေရာပါ။ စင်ကာပူဟာ နိုင်ငံသေးသေးလေးဆိုပေမယ့် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်နေတာတောင် သဘာ၀ ပတ်ဝန်းကျင်ကို အကောင်းဆုံး ထိန်းသိမ်းထားပါတယ်။ အာရှယဉ် ကျေးမှု အစုံအလင်ကို အဲဒီမှာ တွေ့ရမှာဖြစ်သလို အာရှအစားအစာ မျိုးစုံ ကိုလည်း အဲဒီတစ်နေရာတည်းမှာ မြည်း စမ်းခွင့်ရမှာပါ။

အင်ဒိုနီးရှား
ဘာလီကြောင့် နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ အင်ဒိုနီးရှားဟာလည်း အာရှအလှဆုံးနိုင်ငံတွေထဲမှာ ပါတာပေါ့။ ကမ်းခြေတွေကို စိတ်မဝင်စားတော့ဘူး၊ ရိုးအီနေပြီဆိုရင်လည်း ရှေးဟောင်းဘုရားတွေ၊ မီးတောင်တွေ၊ ရေတံခွန်တွေ၊ သဘာဝဥယျာဉ်ကြီးတွေကို သွားလေ့လာလို့ရတယ်လေ။

ဖိလစ်ပိုင်
အာရှတလွှားက အလှဆုံးနေရာတွေကို ပြောမယ်ဆိုရင် ဖိလစ်ပိုင်မပါလို့ မဖြစ်ပါဘူး။ ကမ္ဘာ့အလှဆုံး ကမ်းခြေတွေကို ဖိလစ်ပိုင်မှာ တွေ့မြင်ရနိုင်ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်မှာ ကျွန်းပေါင်း (၇၅ဝဝ) ကျော်ရှိတဲ့အတွက် သွားလည်စရာနေရာတွေ၊ စိတ်ဝင်စားစရာနေရာတွေ တပုံကြီးပေါ့။ ဖိလစ်ပိုင်နဲ့ တခြားအာရှဒေသအများစု မတူကွဲပြားနေတဲ့အချက်ကတော့ ဖိလစ်ပိုင်ရဲ့ယဉ်ကျေးမှုကို စပိန်နဲ့ အမေရိကန်အရိပ်အငွေ့တွေ အများကြီးလွှမ်းမိုးနေတယ်ဆိုတဲ့အချက်ပါပဲ။ ဒါ့အပြင် ဒေသခံအတော်များများက အင်္ဂလိပ်စကား ပြောတတ်တော့ ဖိလစ်ပိုင်မှာ လျှောက်လည်ရတာ သိပ်ကြီးမခက်ခဲတော့ဘူးပေါ့။

ထိုင်း
ထိုင်းကတော့ ကမ္ဘာ့ခရီးသွားတွေကြားမှာ မသိသူ မရှိလောက်အောင် နာမည်ကြီး ပြီးသားပါ။ အဓိကအချက်က တော့ ထိုင်းမှာ ဘတ်ဂျက်နည်းနည်းနဲ့ ခရီးသွားလို့ရတာပါပဲ။ ထိုင်းနိုင်ငံက နာမည်ကြီးနေရာတွေကို ဈေးသက် သက်သာသာနဲ့ သွားလို့ရပါတယ်။ ပြီးတော့ ထိုင်းအစားအစာတွေကိုလည်း အားပါးတရ မြည်းစမ်းကြည့်လို့ရပါတယ်။ ထိုင်းတောင်ပိုင်းမှာ အသက်ရှူမှားလောက်အောင်လှတဲ့ ပင်လယ်ရှုခင်းတွေရှိပြီး ဘန်ကောက်မြို့ မြောက်ဘက်ပိုင်းမှာတော့ တောင်တန်းရှုမျှော်ခင်းတွေကို တမျှော်တခေါ်ကြီး မြင်တွေ့ရမှာပါ။

ဗီယက်နမ်
ခရီးသွားတွေအတွက် ကမ္ဘာ့ဈေးအသက်သာဆုံးနိုင်ငံတွေထဲမှာ ဗီယက်နမ်လည်း ပါပါတယ်။ အမေရိကန်ဒေါ်လာ ယူသွားရင် အဲဒီမှာအရမ်းကိုမှ အသုံးခံပါတယ်။ တစ်ဒေါ်လာကို ဗီယက်နမ်ငွေ (၂၃၂ဝဝ) ( နှစ်သောင်းသုံးထောင့်နှစ်ရာ ) လောက် နဲ့ ညီတော့ ဒေါ်လာက အဲဒီမှာ အင်မတန်ကို အသုံးခံနေတော့တာပေါ့။ ဗီယက်နမ်အစားအစာတွေကလည်း သိပ်အရသာရှိတယ် ဆိုတော့ အစားသမားတွေနဲ့ အကိုက်ပဲလေ။ ဒါ့အပြင် ဗီယက်နမ်မှာ သဘာဝရှုခင်းတွေကလည်း အရမ်းကိုမှ လှပါတယ်။

နီပေါ
အာရှအလှဆုံးနိုင်ငံတွေကို ပြောပါဆိုရင် နီပေါကလည်း မပါမဖြစ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အားလုံးသိကြတဲ့အ တိုင်း နီပေါမှာကမ္ဘာ့အမြင့်ဆုံးတောင်ကြီး ရှိနေတယ်လေ။ ဧဝရက်တောင်ကြီးကြောင့်ပဲ နီပေါဟာ ကမ္ဘာကျော်နေတော့တာပါ။ ဧဝရက်တောင်ကြီးအပြင် နီပေါမှာ တခြားလေ့လာစရာတွေ၊ သွားရောက်လည်ပတ်စရာတွေ အများကြီးရှိပါသေးတယ်။

ဂျပန်
အာရှမှာ အလှဆုံးနိုင်ငံလို့ ပြောလိုက်ရင် လူအများစုမျက်စိထဲမှာ ဂျပန်နိုင်ငံပဲပေါ်လာကြလိမ့်မယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ဂျပန်နိုင်ငံဟာ နည်းပညာခေတ်ရှေ့ ပြေးနေတဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းနိုင်ငံဖြစ်သလို ရိုးရာယဉ် ကျေးမှုနဲ့ သဘာဝအလှတရားကိုလည်း ကောင်းကောင်းကြီး ထိန်းသိမ်းထားတဲ့နိုင်ငံ ဖြစ်နေပါတယ်။ အသက် ရှူမှားလောက်အောင်လှတဲ့ သဘာဝရှုခင်းတွေ ဝန်းရံထားတဲ့ ဘုရားကျောင်းတွေကို ဂျပန်မှာ မြင်တွေ့ရမှာပါ။ ဂျပန်လူမျိုးတွေက ဖော်ရွေတဲ့အပြင် ဂျပန်အစားအစာကလည်း အရသာရှိလှပါတယ်။
#NPNews

Related news

© 2021. All rights reserved.