ဆေးကုသမှု ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း သရုပ်ဆောင် ထူးခန့်ကျော် အသိပေး

 2598

NP News - သြဂုတ် ၃၀
သရုပ်ဆောင် ထူးခန့်ကျော်သည် ကိုဗစ်တတိယလှိုင်းကူးစက်မှုမြင့်တက်ခဲ့မှုကြောင့် ခေတ္တရပ်နားခဲ့ရသည့် သူကုသပေးသော ထုံကျင်၊ ကိုက်ခဲ လေဖြတ်လေငန်း၊ အရိုးအကြောနှင့်ပတ်သက်သည့် ရောဂါဝေဒနာများအား ပြန်လည်စတင်၍ ကုသပေးတော့မည်ဖြစ်ကြောင်း ၎င်းကိုယ်တိုင်အသုံးပြုသည့်လှုမှုကွန်ရက်မှတဆင့် အသိပေးကြေညာထားသည်။

ဆေးကုသမှုကို လာမည့် စက်တင်ဘာလ ၆ ရက်မှ စတင်၍ နေ့စဉ် မနက်မှ သတ်မှတ်ထားသော အချိန်ထိ ကုသပေးမည်ဖြစ်ပြီး၊ ဆေးကုသမှုများကို ၎င်းနေထိုင်ရာ မြောက်ဒဂုံမြို့နယ်၊ ရွှေပြည်သူ ၃၂ ရပ်ကွက်ရှိ နေအိမ်တွင် ယခင်အတိုင်း ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလိုပြန်လည် ဖွင့်လိုက်ရတာက ဖုန်းဆက်ပြီး လေဖြတ်သွားလို့၊ ကိုက်လို့၊ မနေနိုင်အောင် နာကျင်နေပြီး စတဲ့ စကားသံတွေဟာ ကျွန်တော်ကိုယ်တိုင်ကြားနေရပြီး ငါသာဖြစ်ခဲ့ရင်ဆိုတဲ့အသိကလေးနဲ့ အခုလိုပြန်ဖွင့် လိုက်ရခြင်းဖြစ်တယ်” ဟု သရုပ်ဆောင် ထူးခန့်ကျော်က ပြောသည်။

ဆေးကုသမှု ခံယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ဝ၉- ၇၆၉၄၇၇၇၂၃ သို့ ဆက်သွယ်၍ ကြိုတင်တိုကင် လုပ်ဆောင်ပေးရမည်ဖြစ်ပြီး ဖုန်းဆက်တိုကင်လုပ်ထားသော သူများကိုသာ ဆေးကုသမှုပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးစည်းကမ်းများကို လိုက်နာသည့်အနေဖြင့် ဆေးကုသမှုလာရောက်ခံယူသော မိဘပြည်သူများသည် နှာခေါင်းစည်း Mask တပ်ခြင်း၊ Faceshield တပ်ခြင်း၊ မိမိအသုံးပြုရန် လက်ဆေးဂျယ်အား ယူဆောင်လာရန်နှင့် နေအိမ်ရှေ့တွင် လက်ဆေးခြင်းများပြုလုပ်ပေးကြရန် လိုအပ်ကြောင်း မေတ္တာရပ်ခံထားသည်။
#NPNews

Related news

© 2021. All rights reserved.