ခင်ရတနာစိုး က မွေးနေ့အထိမ်းအမှတ်အဖြစ် မျက်ကြည်လွှာနှင့် ကိုယ်တွင်းအင်္ဂါများအား လှူဒါန်း

1214

အိဖြူ(NP News) - စက်တင်ဘာ ၂
The Voice Myanmar Season-3 ပြိုင်ပွဲဝင် ခင်ရတနာစိုးသည် သူမ၏ အသက် ၂၁ နှစ်ပြည့်မွေးနေ့အလှူအဖြစ် မျက်ကြည်လွှာနှင့် ကိုယ်တွင်းအင်္ဂါများဖြစ်သော အသည်း၊ ကျောက်ကပ်တို့ကို တန်ဖိုးရှိသောလူသားများအသင်းချုပ်ထံသို့ လှူဒါန်းခဲ့သည်။
သူမ၏ အသက် ၂၁ နှစ်ပြည့်မွေးနေ့သည် စက်တင်ဘာလ ၁၁ ရက်မှ ကျရောက်မည်ဖြစ်သော်လည်း မွေးနေ့အကြိုအလှူအဖြစ် မျက်ကြည်လွှာနှင့် ခန္ဓာကိုယ်တွင်းအင်္ဂါများလှူဒါန်းခွင့်ရသည့်အပေါ် အလွန်ပင်ဝမ်းမြောက်ပီတိဖြစ်မိကြောင်းနှင့် ယခုကဲ့သို့လှူဒါန်းရန် လွန်ခဲ့သော နှစ်နှစ်ကတည်းက စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“ခန္ဓာကိုယ်လှူဒါန်းရခြင်းရဲ့အဓိကအကြောင်းကတော့ ကိုယ်သေဆုံးသွားတဲ့အခါမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ဆိုတာ ကလည်း ပုပ်သိုးသွားမှာပဲပေါ့နော်။ ဒီခန္ဓာကိုယ်ကြီးကို သဂြိုလ်ရင်လည်း သဂြိုလ်မယ်၊ မြေမြုပ်ရင်လည်း မြေမြုပ် မယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အမှိုက်ဖြစ်သွားမှာပဲပေါ့နော်။ အဲဒီတော့ ဒီအတိုင်းကြီး အမှိုက်ဖြစ်သွားမယ့်အစား ကုသိုလ်ရအောင်ဆိုတဲ့စိတ်နဲ့ အခုလိုလှူဒါန်းခဲ့တာဖြစ်ပါတယ်” လို့ အဆိုတော်ခင်ရတနာစိုးက NP News ကို ပြောသည်။
သူမအနေဖြင့် လာမည့်စက်တင်ဘာလ ၁၁ ရက်တွင်ကျရောက်မည့် သူမ၏မွေးနေ့ရက်မြတ်တွင်လည်း ပတ်ဝန်းကျင်ရှိ အကူအညီလိုအပ်နေသူများအတွက် သူမ တတ်နိုင်သလောက်လှူဒါန်းမှုများပြုလုပ်ရန် စဉ်းစားထားကြောင်းဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း သူမကိုယ်တိုင်အသုံးပြုသည့် ဖေ့ဘွတ်စ်ပေ့ချ် Blue Mark ရရှိခဲ့သည့်အပေါ် အလွန်ဝမ်းသာနေမိကြောင်း ရေးသားဖော်ပြခဲ့သည်။
ကိုဗစ်ကြောင့် အနုပညာအလုပ်များနှင့် တခြားသောအလုပ်များပါ ရပ်ထားနားရသည့်အတွက် မိသားစုကျန်းမာ ရေးကိုသာ ဂရုစိုက်လျက်ရှိသလို၊ ကိုဗစ်ကူးစက်မှုများမြင့်တက်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ ကိုယ်တိုင်ရော၊ မိသားစုဝင်များပါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။
#NPNews