ကိုဗစ်မာယာများပုံကို ရှင်မွေလက သူ့ရဲ့မိဘနှစ်ပါးကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်နဲ့ယှဉ်ပြီး ပြောပြလာ

 951

အိဖြူ (NP News) - စက်တင်ဘာ ၄
MRTV- 4 မင်းသား သရုပ်ဆောင်၊ မော်ဒယ် ရှင်မွေလရဲ့ မိဘနှစ်ပါးစလုံးဟာ ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ နေကောင်းကျန်းမာလာပြီဖြစ်တယ်လို့ သိရပါတယ်။
အကယ်ဒမီ မြင့်မြတ်နဲ့ ရုပ်ချင်းဆင်တာကြောင့် ဒုတိယမြင့်မြတ်ဆိုပြီး လူသိများလာခဲ့တဲ့ ရှင်မွေလကတော့ ကိုဗစ်ရောဂါဆိုတာ တကယ်ကို ကြောက်စရာကောင်းလွန်း၊ မာယာများလွန်းလှ တဲ့ ကူးစက်ရောဂါတစ်မျိုးလို့ မှတ်ချက်ပြုထားပါတယ်။

“Covid ဆိုတာ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ ရောဂါပါ။ အဖေရော အမေရော ရောဂါအတူတူဖြစ်တယ်။ အမေက သွေးတိုးနှလုံးရှိလို့ ဖြစ်ဖြစ်ခြင်းမှာပဲ စပြီးခံစားရတယ်။ အမေဖျားတဲ့အချိန် အဖေက အေးဆေး။ (၉) ရက် မြောက်မှာ အမေက သက်သာသွားတယ်။ အဲဒီအချိန်ထိ အဖေက အေးဆေးပဲ။ (၁၁) ရက်မြောက်လဲကျရော အဖေ စပြီး ခံစားရပြီ။ ကိုဗစ်က မာယာများတာဗျ” လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

သူဟာ မိဘနှစ်ပါးစလုံး ကိုဗစ်ကူးစက်ခံရပြီဆိုတာကိုသိချိန်မှာတော့ ရောဂါအခံရှိတဲ့ သူ့ရဲ့မိခင်ကို ပိုစိတ်ပူခဲ့တာကြောင့် ပိုဂရုစိုက်ခဲ့မိသလို၊ ရောဂါအခံလည်း မရှိ၊ ဝေဒနာကိုလည်း သိပ်မခံစားရတဲ့ ဖခင်ကိုတော့ အနည်းငယ် ဂရုစိုက်မှုလျော့မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါရဲ့တိုက်ခိုက်မှု ကြောက်စရာကောင်းလွန်းပုံကတော့ စိတ်ပူူခဲ့ရတဲ့မိခင်က အောက်စီဂျင် တောင် မရှုခဲ့ရဘဲ (၉) ရက်တည်းနဲ့ နေကောင်းကျန်းမာခဲ့ပြီး ကျန်းမာတယ်လို့ထင်ရတဲ့ဖခင်ကတော့ ကိုဗစ်ကူး စက်ခံရပြီး (၁၁) ရက်မြောက်နေ့မှာပဲ ရောဂါရဲ့တိုက်ခိုက်မှုဒဏ်ကို ပြင်းထန်စွာစတင်ခံစားလာရကာ အောက်စီဂျင် ရှုရတဲ့အဆင့်ထိ ရောက်ခဲ့ရတဲ့အပြင် D- Dimer က normal 500 ကနေ 10000 ထိ တက်သွားခဲ့သလို သွေးကြဲဆေးကို မနက်/ ည (၁၁) ရက်လောက် ဆက်တိုက် ထိုးခဲ့ရတယ်လို့ ရှင်မွေလက ပြောပြထားပါတယ်။

မိသားစုတစ်စုလုံး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ သြဂုတ်လ တစ်လလုံးကတော့ သူ့အတွက် စိတ်ရော၊ လူပါ အရမ်း ပင်ပန်းခဲ့ပေမယ့် အခုလိုမိဘနှစ်ပါးလုံးကျန်းမာရေးကောင်းမွန်လာတဲ့အတွက် အရမ်းကိုဝမ်းသာခဲ့ရပြီး၊ ချစ်ရတဲ့ ပရိသတ်ကြီးကို အဓိကမှာချင်တာကတော့ ကိုဗစ်ကူးစက်ရောဂါကို လုံးဝမပေါ့ဆကြပါနဲ့လို့ ရှင်မွေလက သူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆင့်ပြောပြခဲ့ပါတယ်။
#NPNews

Related news

© 2021. All rights reserved.