လူရွှင်တော် ချစ်စရာ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

1557

NP News – စက်တင်ဘာလ ၅
ဝါရင့်လူရွှင်တော်ကြီး ချစ်စရာဟာ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပြီး လက်ရှိမှာ အောက်စီဂျင်ကျနေတာကြောင့် အရေးပေါ် အောက်စီဂျင်ရှုနေရတယ်လို့ သိရပါတယ်။
ဦးချစ်စရာ အောက်စီဂျင် လိုအပ်နေတာကြောင့် သရုပ်ဆောင် ဝေဠုကျော်ကိုယ်တိုင်က ဦးချစ်စရာရဲ့နေအိမ်ထိ အောက်စီဂျင်အိုး ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးခဲ့ပြီး တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဝေဠုကျော် ဖောင်ဒေးရှင်းအနေနဲ့ ဦးချစ်စရာအတွက် အောက်စီဂျင် ၅ဝ လီတာအိုးကို လေအပြည်ဖြည့်ပြီး ဌားရမ်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကလည်း လူရွှင်တော်မိုးစက်က သူဓါတ်ပုံရိုက်ကူးမှုမှ ရရှိတဲ့အနုပညာကြေးကို သူ့ရဲ့ဆရာသမား လူရွှင်တော်ဦးချစ်စရာအတွက် အလှူငွေ ခုနှစ်သောင်းကျပ်တိတိကို သွားရောက်ကန်တော့ခွင့်ရခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်မိကြောင်း ၎င်းကိုယ်တိုင်အသုံးပြုတဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါသေးတယ်။
လူရွှင်တော် ဦးချစ်စရာဟာ လက်ရှိမှာ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး အကြားအာရုံ အနည်းငယ်ချို့ယွင်းနေတာကြောင့် တစ်ခါတစ်ရံ နားကြားကိရိယာတပ်ဆင်ထားသူလည်းဖြစ်ပါတယ်။
“ချစ်စရာ” ဆိုတဲ့ နာမည်နဲ့လိုက်ဖက်လွန်းလှအောင်ပင် လူချစ်လူခင်ပေါများလွန်းလှပြီး အမြဲတမ်းတက်ကြွလန်း ဆန်းစွာနေတတ်တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာ အမြန်ဆုံးကျန်းမာနေကောင်းပါစေ။
#NPNews