နန်းမြတ်ဖြိုးသင်းက သားနဲ့သမီးကို အကောင်းဆုံးစောင့်ရှောက်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်း စတင်

982

အိဖြူ(NP News) - စက်တင်ဘာ ၆
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းသည် ကိုတာတာမျိုးကွယ်လွန်ပြီးနောက် သားနဲ့ သမီးလေးကို တစ်ယောက်တည်းစောင့်ရှောက်နိုင်ဖို့အတွက်ဆို ပုံမှန်ဝင်ငွေရှိဖို့ လိုအပ်တာကြောင့် ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုဖြစ်တဲ့ Online Shop ကို စတင်လုပ်ကိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
နန်းမြတ်ဖြိုးသင်းဟာ ပုံမှန်ဝင်ငွေရရှိဖို့လိုတာကြောင့် Mummy's Marketplace ဆိုင်ကို စတင်ထူထောင် လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ (၅) ရက် နံနက်ပိုင်းက သူကိုယ်တိုင်အသုံးပြုတဲ့လူမှုကွန်ရက်မှတဆင့် အသိပေးကြေညာခဲ့တာဖြစ်ပြီး သူမကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ အနုပညာအသိုင်းအဝိုင်းကရော၊ သူမရဲ့ပရိသတ်တွေကပါ သူမရဲ့စီးပွားရေးုလုပ်ငန်းလေးဖြစ်တဲ့ Mummy's Marketplace Page ကို ဝန်းရံ အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။
“နန်းမြတ် ကိုယ်ပိုင် ပုံမှန်ဝင်ငွေရှိမှဖြစ်တော့မှာမို့ online shop လေးတစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်။ အိမ်ရှင်မ တစ်ယောက်၊ မေမေတစ်ယောက် လိုအပ်မယ့်ပစ္စည်းလေးတွေကို ရောင်းမှာပါ။ အသုံးလိုမယ်၊ အဆင်ပြေမယ်ဆို အားပေးကြပါဦးနော်။ နန်းမြတ်အကောင်းဆုံးကြိုးစားပါ့မယ်” လို့ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက သူမကိုယ်တိုင်လည်း ကလေးတွေအတွက် အသုံးပြုနေတဲ့ပစ္စည်းတွေထဲက တကယ်ကို ကောင်းမွန်ပြီး သုံးလို့အဆင်ပြေတဲ့အသုံးအဆောင်ပစ္စည်းတွေကို စတင်ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
သူမအနေနဲ့ အခုမှစတင်ပြီး Online Shop ကို လုပ်ကိုင်မှာဖြစ်တာကြောင့် မိတ်ဆွေအားလုံးအနေနဲ့ ကူညီပေးကြဖို့၊ Wholesale ပေးချင်တဲ့သူတွေရှိရင်လည်း ဆက်သွယ်ကူညီပေးကြဖို့နဲ့ သူမအား စာနာသောအားဖြင့် ဂျင်းတော့ မထည့်ကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။ ဒါ့အပြင် သူမရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးဖြစ်လာမယ့် MUMMY’S Marketplace Page ကိုလည်း like လုပ်ပေးကြပါဦးလို့ အကူအညီတောင်းခံခဲ့ပါတယ်။
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုး (အသက် ၃၆)နှစ်ဟာ သြဂုတ်လ (၂၁) ရက်က ရန်ကုန်မြို့၊ ဂျပန်ဆေးရုံမှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူ နန်းမြတ်ဖြိုးသင်းနဲ့အတူ အသက် နှစ်နှစ်ကျော်အရွယ် သားကြီး ဂျက်ဂျက်နဲ့ အသက်ခြောက်လ အရွယ်သာရှိသေးတဲ့ သမီးလေး ဂျူးဂျူး တို့ ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။
#NPNews