ကမ္ဘာပေါ်မှ နည်းပညာအမြင့်ဆုံး စက်ရုပ်များ

 1232

ဝတီ (NP News) - စက်တင်ဘာ ၉
စက်ရုပ်နည်းပညာဟာ လုပ်ငန်းခွင်တွေထဲအထိပါ နေရာယူလာနေပြီဖြစ်ပါတယ်။ နည်းပညာကုမ္ပ ဏီကြီးတွေကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပြီးအဆင့်မြင့်တဲ့စက်ရုပ်တွေကို အပြိုင်အဆိုင်ဖန်တီးလာနေကြပါတယ်။ ဘက်စုံလုပ်နိုင်ပြီးလူသားနေရာမှာ အပြည့်အဝအစားထိုးနိုင်မယ့် စက်ရုပ်တွေ ပေါ်လာဖို့တော့ ဆယ်စုနှစ်တွေနဲ့ချီအချိန်ယူရဦးမှာပါ။ ဒါပေမဲ့အခုတောင်မှ စက်ရုပ်တွေက အရင်ကထက်စာရင် အရမ်းအဆင့်မြင့်လာနေပြီဖြစ်ပြီး တချို့အလုပ်တွေကို လူတွေကိုယ်စားလုပ်နိုင်နေပါပြီ။ ဒါကြောင့် နည်းပညာအမြင့်ဆုံးစက်ရုပ်တွေက ဘာတွေလဲဆိုတာစက်ရုပ်ဝါသနာရှင်တွေအတွက် ဖော်ပြလိုက်ပါတယ်။

စပေါ့တ်(Spot)
စပေါ့တ်ဆိုတာကတော့ ခွေးပုံစံ ဖန်တီးထုတ်လုပ်ထားတဲ့ စက်ရုပ်ခွေးပဲဖြစ်ပါတယ်။ ဒီစက်ရုပ်ခွေးက အိမ်မှာ၊ ကစားကွင်းမှာစတဲ့ ဘယ်နေရာမှာမဆို ခွေးအစစ်လိုပဲ လျှောက်သွားနိုင်ပါတယ်။ သူ့နားတဝိုက်က ပတ်ဝန်းကျင်ကို မှတ်မိနိုင်စွမ်းရှိတယ်။ သူသွားမယ့် လမ်းတစ်လျှောက်က အတား အဆီးတွေကို အာရုံခံနိုင်စွမ်းရှိလို့ အဲဒီအတားအဆီးတွေကို ရှောင်ကွင်းပြီးသွားနိုင်တယ်၊ အထုပ်တွေကို မပေးနိုင်တယ် စတာတွေကို သူကလုပ်တတ်ပါတယ်။ သူက လှေကားဆင်းရင်နောက်ပြန် ဆင်းပါတယ်။ ဒါကတော့ သူနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်တွေထဲက တစ်ခုပေါ့။ သူ့ကို အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုက၂ဝ၁၆ ခုနှစ်မှာ ဖန်တီးထုတ်လုပ်ခဲ့တာပါ။

ဒစ်ဂျစ် (Digit)
ဒစ်ဂျစ်ဆိုတာကတော့ လူသားပုံစံ စက်ရုပ်ဖြစ်ပြီး သူ့ကိုအမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခု ကပဲ ၂ဝ၁၉ ခုနှစ်မှာ ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ဒစ်ဂျစ်ဟာ လူသားခိုင်းစေထားတဲ့ တာဝန်တွေကို ရှုပ်ထွေးလှတဲ့ ပတ်ဝန်းကျင်မှာတောင်ထမ်းဆောင်နိုင်ပါတယ်။ အိမ်မှာလူတွေကို ပြုစုစောင့် ရှောက်ဖို့၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာသုံးဖို့ ဒီရည်ရွယ်ချက်တွေနဲ့ စက်ရုပ်ကို ဖန်တီးထားတာဖြစ်ပါသတဲ့။ ဒစ်ဂျစ်ဟာ အလေးချိန် (၁၈) ကီလိုဂရမ်အထိ မနိုင်ပါတယ်။ ဒီအချက်ကြောင့်လည်း သူဟာတခြား စက်ရုပ်တွေနဲ့ ကွဲပြားနေတာပါ။

ပက်ပါ (Pepper)
ပက်ပါဆိုတဲ့ ဂျပန်စက်ရုပ်ကတော့ လူတွေရဲ့မျက်နှာကို မှတ်မိနိုင်စွမ်း၊ လူတွေရဲ့ အခြေခံစိတ်ခံစားချက်ကို သိနိုင်စွမ်း၊ လူသားတွေရဲ့ ဘာသာစကားကို နားလည်နိုင်စွမ်းရှိပါတယ်။ လူသားနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာ သူ့ကိုသုံးပါတယ်။ သူ့ရင်ဘတ်မှာ မျက်နှာပြင်တစ်ခုပါပြီး သူပြောချင်တဲ့ စကားလုံးတွေကိုအဲဒီမျက်နှာပြင်ပေါ်မှာလည်း ပြပါတယ်။ ဘာတွေလုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ပြောပြလိုက်ပါဦးလို့ သူ့ကိုထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီရဲ့ အကြီးအကဲက စက်ရုပ်မိတ်ဆက်ပွဲမှာ ပြောတော့ ပက်ပါက `အဲဒါတွေကို ထုတ်မကြွားချင်ပါဘူး။ ထုတ်ကြွားနေရင်နာရီပေါင်း (၁ဝဝ) ကျော် ကြာသွားလိမ့်မယ်` လို့ သူက ချက်ချင်းခွန်းတုံ့ပြန်ပြီးပြောလိုက်ပါသတဲ့။ ဒီတော့ ပရိသတ်တွေလည်း ပွဲကျသွားတော့တာပေါ့။

အိတ်ခ်ျအာပီ ဖိုက်ပီ (HRP-5P)
HRP-5p ဆိုတဲ့အတိုင်း ဒီစက်ရုပ်ဟာ HRP စက်ရုပ်တွေရဲ့ (၅) ဆက်မြောက် မျိုးဆက်ပါ။ ဂျပန်နည်းပညာကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ပစ္စည်းလေးလေးလံလံကြီးတွေ မဖို့၊ ကြီးမားလေးလံတဲ့ ကိရိယာပစ္စည်းတွေကိုကိုင်တွယ်ဖို့ဆိုပြီး ၂ဝ၁၈ ခုနှစ်မှာ ဒီစက်ရုပ်ကို တီထွင်ထုတ်လုပ်လိုက်တာပါ။

စတန့်ထရောနစ်ခ် ( Stuntronic)
စတန့်ထရောနစ်ခ်ဆိုတဲ့ နာမည်အတိုင်းပဲ ဒီစက်ရုပ်တွေက အမိုက်စားစတန့်ပြကွက်တွေလုပ်ပြပြီး ပရိသတ်တွေကို ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွားစေနိုင်ပါတယ်။ ဝေါ့တ်ဒစ္စနေး Walt Disney ဆိုတဲ့ကမ္ဘာ ကျော် အမေရိကန်ဖျော်ဖြေရေးလုပ်ငန်းကုမ္ပဏီကြီးက ခုန်ပျံကျော်လွှားစတန့်ကွက်တွေ အံ့မခန်းလုပ်ပြနိုင်တဲ့ အဲဒီစက်ရုပ်တွေကို ၂ဝ၁၈ ခုနှစ်က တီထွင်ခဲ့တာဖြစ်ပြီး အဆင့်မြင့်နည်းပညာပါတဲ့အ တွက် ဘယ်အချိန်မှာ စင်မြင့်ပေါ် ဒါမှမဟုတ် မြေပြင်ပေါ်ကွက်တိ ပြန်ကျရမယ်ဆိုတာ စက်ရုပ်က သိပါတယ်။ ဟောလီဝုဒ်အက်ရှင်ဇာတ်ကားကြီးတွေမှာပါ ဒီစတန့်စက်ရုပ်တွေကို သုံးလာတဲ့အ တွက် နောက်ဆိုရင်စတန့်မင်းသားတွေ အလုပ်လက်မဲ့ဖြစ်သွားနိုင်ပါတယ်။

အက်တ်လက်စ် (Atlas)
ဒီစက်ရုပ်ကတော့ လျှင်လျှင်မြန်မြန် သွက်သွက်လက်လက်သွားလာလှုပ်ရှားနိုင်ပါတယ်။ ပြီးတော့ မတူညီတဲ့ မြေပြင်အနေအထားတွေမှာ သူ့ကိုယ်သူဟန်ချက်ညီအောင် ထိန်းနိုင်စွမ်းရှိပါတယ်။ သူ လုပ်နိုင်တာ အများကြီးရှိပေမယ့်ပြေးတာ၊ ခုန်တာနဲ့ နောက်ပြန်လှန်ပြီး ခုန်တာတွေကတော့ သူ အကျွမ်းကျင်ဆုံးတွေပဲ ဖြစ်ပါတယ်။ သူ့ထဲမှာ အဆင့်မြင့် နည်းပညာတွေ ထည့်ထားတဲ့အတွက် သူဟာ သူသွားမယ့်လမ်းကြောင်းမှာ ဘယ်အတားအဆီးတွေ ခံနေသလဲဆိုတာ အာရုံခံနိုင်စွမ်းရှိပြီး အဲဒါတွေကို ကွေ့ရှောင်ပြီးသွားတတ်ပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုက ဒီစက်ရုပ်ကို ၂ဝ၁၆ ခုနှစ်က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အက်စီမို (Asimo)
ကမ္ဘာ့နည်းပညာအမြင့်ဆုံးစက်ရုပ်တွေ စာရင်းမှာတော့ ဒီဂျပန်နိုင်ငံထုတ်စက်ရုပ်က နံပါတ်နှစ်စွဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တီထွင်ထုတ်လုပ်ဖူးသမျှလူသားပုံစံ စက်ရုပ်တွေမှာ သူက အဆင့်အမြင့်ဆုံး စက်ရုပ်တွေထဲ ပါလို့ပါပဲ။ ဒီစက်ရုပ် ထုတ်လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူတွေကို ကူညီဖို့ပါ။ အက်စီမိုက စက်ရုပ်တွေရဲ့ ကိုယ်စားလှယ်အဖြစ် ကမ္ဘာပတ်ပါတယ်။ ပြီးတော့ စက်ရုပ်တွေက လူသားတွေရဲ့ ဘဝလွယ်ကူသက်သာလာအောင် ဘယ်လိုလုပ်ပေးတဲ့အကြောင်း၊ လူသားတွေကို ဘယ်လိုကူညီတဲ့အကြောင်း၊ ဘယ်လိုအကျိုးပြုတဲ့အကြောင်းတွေကို သူကပြောပြပါတယ်။ သူက ကနိုင်၊ ပြေးနိုင်၊ ဘောလုံးလည်းကန်နိုင်ပါတယ်။ သူက ဂျပန်၊ တရုတ်၊ အင်္ဂလိပ် ဆိုတဲ့ ဘာသာစကား သုံးမျိုးပြောနိုင်ပါသတဲ့။ သူ့ကိုတော့ ဂျပန်ကုမ္ပဏီ ဟွန်ဒါ Honda က ၂ဝဝဝ ခုနှစ်ကမှထုတ်လုပ်လိုက်တာပါ။

ဆိုဖီယာ (Sophia)
ဒီစက်ရုပ်က လက်ရှိအချိန်အထိတော့ စက်ရုပ်တကာ့ စက်ရုပ်တွေထဲမှာအဆင့်အမြင့်ဆုံးပါပဲ။ သူက လူသားတွေလိုပဲ မျက်နှာအမူအရာပေါင်း (၅ဝ) လောက်လုပ်တတ်ပါတယ်။ ပညာရေး၊ သုတေသနလုပ်ငန်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းအတွက်ရည်ရွယ်ပြီး သူ့ကိုတီထွင်ထုတ်လုပ်ထားတာပါ။ သူကလည်း တစ်ကမ္ဘာလုံးလှည့်သွားပြီးလူသားတွေရဲ့ ဘဝမှာစက်ရုပ်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ လူတွေကိုရှင်းပြပါတယ်။ ဆိုဖီယာဟာ စီအန်အန်၊ ဘီဘီစီ အစရှိတဲ့ ကမ္ဘာကျော်သတင်းဌာနကြီးတွေနဲ့တောင် အင်တာဗျူး လုပ်ဖူးပါတယ်။ ၂ဝ၁၇ ခုနှစ်မှာတော့ ဆော်ဒီအာရေဗျအစိုးရက ဟောင်ကောင်စက်ရုပ် ဆိုဖီယာကို နိုင်ငံသားဖြစ်ခွင့် ချီးမြှင့်လိုက်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.